မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၃၀)
သထုံမြို့နယ် မြေနီကုန်းကျေးရွာ သထုံ-ရန်ကုန် ကားလမ်းနံဘေး မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဩဂုတ် ၂၉ ရက် ည ၇ နာရီအချိန်ခန့်က ဗုံးဖောက်ခွဲခံရပြီး ရုံးအဆောက်အဦ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိသည်။
အဆိုပါမြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလက်နက်ကိုင်လူတစ်စုမှ လာ ရောက်မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။
“ဘယ်အဖွဲ့ကလည်းတော့ မသိဘူး၊ သူတို့လက်နက်တွေပါတယ်၊ သေချာမိုင်းထောင်ပြီး ဖောက်ခွဲလိုက်တာ အသံကတော့ အကျယ်ကြီးပဲ ဘေးပတ်ဝန်းကျင်က လူတိုင်းကြားတယ်။လူတော့ ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု ၎င်းကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးတစ်ခုလုံး မီးလောင်ပြိုကျပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ ဝင်များနှင့် စစ်တပ်ဖွဲ့ဝင်တွေက လာရောက်မီးငြိမ်းသတ်ပေးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ မီးငြိမ်းနေပေးနေစဉ်အချိန်တွင် စစ်တပ်ဖွဲ့ဝင်များမှ ၁၀ ကြိမ်ထက်မနည်း မိုးပေါ်ထောင်သေနတ်ပစ်ဖောက်ခဲ့ခြင်းကြောင့် ဒေသခံများမှ စိုးရိမ်ထိန့်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဆိုသည်။
သို့ရာတွင် ယင်းဖောက်ခွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန် ထားခြင်းမရှိသေးပါ။
ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး ဘေးရှိ ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဩဂုတ်လ ၂၈ ရက် ည ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာလည်း နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံခဲ့ရသလို ဇူလိုင်လ ၂၁ ရက်နေ့မှာလည်း အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံခဲ့ရကြောင်း ဒေသခံတွေ ပြောဆိုချက်အရ သိရသည်။
Topics; #သထုံမြို့နယ် #အုပ်ချုပ်ရေးမှူးရုံး #ဗုံးပေါက်ကွဲ #မီးလောင်
