မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃၀)
လာမည့် အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင်းသုံးသွားမည်
ဖြစ်ကြောင်း ဒီမိုကရက်တစ် (မြန်မာ)ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက မွန်သတင်းအေဂျင်စီကို ပြောသည်။
မေလ ၂၉ ရက်က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။
“ဒီက မဟုတ်ဘူး။ ပြီးခဲ့တဲ့ဟာကို အန်တီတို့က ဆွေးနွေးတာ သူက PR နဲ့ပဲ သွားမယ်လို့ အန်တီတို့ကို ပြောတယ်။ လာမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ်နဲ့ပဲ သုံးတော့မယ်လို့ ပြောတယ်၊ ဒီတစ်ခါ ပိုပြီးတော့ ထပ်ပြောလိုက်တယ်၊ PR ကတော့ သဘောတူပြီးသား၊ PR နဲ့ပဲ သွားမှာပဲ၊ PR နဲ့ပဲ သွားမယ်လို့ ပြောပြီးသား” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့များမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်ကို အဆိုပြုဆွေးနွေးပြီး NSPNC မှ တက်ရောက်သူများနှင့် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။
တပ်မတော်အနေဖြင့် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းကိစ္စကို တင်ပြခဲ့ကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုအထိ ထွက်ပေးရန် တင်ပြခဲ့ကြောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
“အန်တီပြောတဲ့ဟာကတော့ အချက်ကတော့ အန်တီက နံပတ် ၂ အချက်ပြောတာပေါ့နော်၊ အန်တီပြောခဲ့တာကတော့ တပ်မတော်ကြီးက အခုက ၂၅ ရာခိုင်နှုန်းပါနေတယ်နော်၊ ၂၅ ရာခိုင်နှုန်း အခုချက်ချင်း မထွက်ခိုင်းဘူး၊ ချက်ချင်းလည်း သူတို့ (တပ်မတော်) မနက်ဖြန်၊ တစ်ဖက်ခါ Time limit မပေးဘူး။ ဒါပေမဲ့ တချိန်ချိန်မှာ တပ်မတော်ကလည်း ထွက်မယ်လို့ အန်တီတို့က နားလည်တယ်၊ ဒါပေမဲ့ အဲဒီလို ထွက်မယ်လို့တော့ ပြောတယ်ပေါ့၊ ဒါပေမဲ့ အခြေခံ ဥပဒေမှာက နိုင်ငံတော်ရဲ့ ဦးဆောင်မှုကို အမြဲတစေလို့လားမသိဘူး၊ ဥပဒေရေးထားတယ်နော်၊ အဲဒီစာပိုဒ်လေးကို အန်တီက အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုပြီးတော့ ပြောင်းခိုင်းတယ်၊ အဲဒါကိုတော့ သဘာတူဖို့ များပါတယ်၊ ချက်ချင်းတော့ သဘောတူတယ်ဆိုတာ မရှိပါဘူး နောက်လမှ သူတို့ အဖြေပေးမှာပေါ့၊ အန်တီက တပ်မတော်က ၂၅ ရာခိုင်နှုန်းကို အချိန်တစ်ခုအထိမှာ ထွက်ပေးပါ၊ ဘာဖြစ်လို့လည်း ဆိုတော့ အန်တီတို့ တချိန်မှာ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံတော်တည်ထောင်ပြီးတော့ လွှတ်တော်ပါ လာမယ်လေ၊ အဲဒီမှာ ၂၅ ရာခိုင်နှုန်းတို့ ဘာရာခိုင်နှုန်းပဲ ဖြစ်ဖြစ်ပါလာရင် အန်တီတို့က ဒီမိုကရက်တစ်နိုင်ငံတော် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်ဖို့၊ မဖြစ်ဘူးဆိုတာ အဲဒါတော့ အန်တီက တင်ပြခဲ့တယ်၊ အားလုံးတော့ သဘောတူတယ်လို့ မဟုတ်သေးဘူး နောက်လမှ သူတို့ အဖြေပေးလိမ့်မယ်” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် NSPNC မှ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း (၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ပါ ဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ NSPNC မှ လေ့လာဆန်းစစ် ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးသင့်သည့် ပုံစံနှင့် မဲဆန္ဒနယ် ခွဲဝေသတ်မှတ်ခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးရန် နိုင်ငံရေးပါတီ (၆၂)ပါတီမှ အခြေခံအားဖြင့် သဘောတူခဲ့ကြောင်း သိရသည်။
လက်ရှိ PR စနစ်ကျင့်သုံးသည့် နိုင်ငံများမှာ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ အိုင်ယာလန်၊ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ထိုင်း၊ဆွစ်ဇာလန် စသည့် နိုင်ငံများ ဖြစ် ကြောင်း သိရသည်။
UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထား သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီအတွင်းက ပြန်လည်ရွေးချယ်ခဲ့သည့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဦးစိုင်းအိုက်ပေါင်း၊ ဒေါ်ချိုချို ကျော်ငြိမ်း၊ ဦးစောသန်းမြင့်၊ တ.စ.ည ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ(MUP)တို့ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
