မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၄)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ ကုန်းကွက်သစ်အပိုင်းမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးမန်းတင်သည် သေနတ်ဖြင့်အပစ်ခံရပြီးသေဆုံးခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။
မတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကျေးရွာအတွင်း လျှပ်စစ်မီတာခများ လိုက်လံကောက်ခံနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မီတာလိုက်ကောက်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့ပြောတယ်။ ကျည်ဒဏ်ရာ ၅ ချက်နဲ့ ပွဲချင်းပြီးသေသွားတယ်။ သူသေပြီးတော့ အဲဒီနားမှာပိတ်ပြီး စစ်တာ တော်တော်ကြာတယ်။ မိတဲ့အသံတော့ မကြားမိဘူး”ဟု ၎င်းက ပြောသည်။
မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျိုက်မရောအခြေစိုက် စွန်ရဲမြို့ပြ ပျောက်ကြားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က ပေါင်မြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘိုဘိုအောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
