မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၄)
ကုန်ပစ္စည်းများကိုသာ အဓိက သယ်ယူတင်ပို့နေရသော အဝေးပြေးယာဉ်လိုင်းများကို ကုန်ပစ္စည်းတင်ဆောင်ခွင့် ကန့်သတ်ခဲ့သောကြောင့် ပြေးဆွဲရန် အခက်အခဲဖြစ်လာကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ကိုင်သူများထံက သိရသည်။
အဝေးပြေးယာဉ်လိုင်းများကို တန်ဆာအဖြစ် အစားအသောက်၊ အကြော်အလှော်နှင့် အီလက်ထရောနစ် ပစ္စည်းများ တင်ဆောင်ခွင့်ကို ကန့်သတ်ခဲ့ခြင်းဖြစ်သည်။
အဝေးပြေးယာဉ်လုပ်ငန်းရှင်တစ်ဦးက “ကျနော်တို့က ခရီးသည် မရဘူး။ အရင်ကဆို ကားအပြည့်တင်လို့ရတယ်။ အခုက တစ်ခုံ နှစ်ယောက်တောင် လူအပြည့်မရဘူး။ ကုန်ပစ္စည်းကိုပဲ အားကိုးပြီး ပြေးနေရတာ။ အခုလို ကန့်သတ်ထားတော့ ကျနော်တို့အတွက်လည်း အရမ်းအကျပ်အတည်း အခက်အခဲဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ကိုဗစ် – ၁၉ ရောဂါကြောင့် အဝေးပြေးယာဉ်များတွင် ခရီးသည် မရှိဖြစ်နေပြီး ကုန်ပစ္စည်းကိုသာ အဓိကထား တင်ပို့နေရကြောင်း၊ ထုတ်ပိုးထားသော ပစ္စည်းများကို သေချာစိစစ်ကာ လက်ခံပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လူမဲ့တန်ဆာများကို လက်ခံရာတွင်လည်း ဖွင့်ဖောက်စစ်ဆေးပြီးမှသာ လက်ခံ တင်ပို့ပေးခြင်းဖြစ်ကြောင်း မော်လမြိုင်မှ အဝေးပြေးယာဉ်မောင်းတစ်ဦးက ပြောသည်။
“မသင်္ကာတာရှိရင် အကုန်ကြည့်တယ်။ ဖောက်စစ်တယ်။ ပြီးရင် သူတို့ သိချင်တာတွေ မေးတယ်။ အရမ်းမသင်္ကာဖြစ်တဲ့ ပစ္စည်းထုတ်ဆိုရင်တော့ သူတို့ ယူထားတယ် ပြီးရင် ပိုင်ရှင်ကို ဆက်တယ် မေးတယ်မြန်းတယ်တာတွေလုပ်တယ်”ဟု ပြောသည်။
လက်ရှိတွင် ကုန်ပစ္စည်များကို ကန့်သတ်လိုက်သည့်အပြင် အဝေးပြေးယာဉ်လိုင်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
နစက က အဝေးပြေးယာဉ်လိုင်းများ ကုန်ပစ္စည်းတင်ဆောင်ရာတွင် အစားအသောက်၊ အကြော်အလှော်၊ အဝတ်အထည်၊ ပြောက်ကျား တူညီဝတ်စုံ၊ အီလက်ထရွန်နစ်ပစ္စည်းများဖြစ်သော ကင်မရာ၊ စီစီတီဗီ၊ ဘတ်ထရီ၊ ဓာတ်ခဲ၊ နှစ်လုံးထက်ပိုသော ဖုန်း၊ စကားပြောစက်၊ Laptop၊ လျှပ်စစ်မီးအိမ်၊ ဓာတ်မီး၊ ဝါယာကြိုး၊ စတီး နှင့် သံထည်ပစ္စည်းများ၊ ယမ်းမှုန့်၊ မှန်ဘီလူး၊ မှန်ပြောင်း နှင့် ရွှေထည်အစ္စည်းများ စသည့်တို့ကို ကန့်သတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
