မွန်သတင်းအေဂျင်စီ (၂၀၂၁-ဇူလိုင် ၂၇)
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် ဇူလိုင်လ ၂၆ ရက်နေ့က တောင်နံရံမြေပြိုကျမှုဖြစ်ပေါ်ပြီး လူနေအိမ်ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ချောင်ဆုံမြို့နယ် ကဒါရွာတွင် တောင်နံရံ နေရာ (၂)နေရာ ပြိုကျခဲ့ပြီး နေအိမ်(၁)လုံးပျက်စီးခဲ့ကြောင်း၊ ကွမ်ရိုက်ကျေးရွာတွင် နေအိမ်(၂)လုံးနှင့် အလုပ်ရုံ(၁) တစ်ခု ပြိုကျပျက်စီးခဲ့ကြောင်း မွန်ပြည်လွှတ်တော် ဒုတိယ ဥက္ကဌ ဟောင်း ဒေါက်တာအောင်နိုင်ဦး၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
ဒေါက်တာအောင်နိုင်ဦးက “ဒီနေ့တစ်နေ့လုံး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘီလူးကျွန်းနေရာအနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သလို ညနေ(၅)နာရီနဲ့ (၆)နာရီအကြားမှာ ကဒါနဲ့ ကွမ်ရိုက်တောင်နံရံ မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့တယ်”ဟု ဆိုသည်။
အဆိုပါ မြေပြိုကျမှုကြောင့် ကွမ်ရိုက်ကျေးရွာမှ ဒေါ်အုန်းမြင့်(ခ)ဒေါ်မီး (၄၀)နှစ်သည် မြေစာပုံအောက်ပိမိခဲ့ပြီး ကယ်ထုတ်နိုင်ခြင်း မရှိသေးပေ။
ကွမ်ရိုက်ရွာသားတစ်ဦးက “ မြေအောက်မှာ ပိနေတာတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူး ထင်ပါတယ်၊ မိုးရွာရင် မြေတွေက ဆက်ပြီးပြိုကျနေတယ်၊ စုစုပေါင်း အိမ် ၇ လုံးထိတာပေါ့၊ ကဒါမှာတော့ အိမ်တစ်လုံး လုံးဝထိတယ် နောက်အိမ်တစ်လုံးက နည်းနည်းပါးပါး၊ တောင်က မုန့်စိမ်းပေါင်းလို အောက်မှာလှီးထားတာ အပေါ်ကနေ ပြိုကျတာပေါ့”ဟု ဆိုသည်။
ထို့အပြင် ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက်တွင်လည်း ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက မြေပြိုကျမှုကြောင့် ဒေသခံ ၁ ဦး မြေပိသေဆုံးခဲ့ကြောင်း သိရသည်။
ထိုမြေပြိုကျမှု ဖြစ်ပွားခဲ့သည့် ဝန်းကျင်မှ ဘုန်ကြီးကျောင်းများ လူနေအိမ်များရှိ လူများကို လက်ရှိတွင် ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ပြီး တားမြစ်နယ်မြေအဖြစ် သက်မှတ်ထားကြောင်း ဒေါက်တာအောင်နိုင်ဦးက ၎င်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
ထို့အပြင် ယမန်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မော်လမြိုင်၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့ပေါ်ရပ်ကွက်အချို့ရေလွှမ်းခဲ့ပြီး မုဒုံ-သံဖြူဇရပ်ကားလမ်း နှီးပဒေါတံတားအနီး ရေလွှမ်းမိုးသဖြင့် မော်တော်ကားများ နောက်တစ်ဝက်ခန့် အသွားအလာပြတ်တောက်ခဲ့ကြောင်း သိရသည်။