spot_img
Wednesday, February 5, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ပစ်သတ်ခံရ သေဆုံး

    ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ပစ်သတ်ခံရ သေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၁၈)

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခိုင်ဝင်းသည် ယနေ့(ဇူလိုင် ၁၈) နံနက် ၈ နာရီကျော်ခန့်အချိန်၌ လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဆိုင်ကယ်စီးအမည်မသိလူ ၂ ဦး ရုတ်တရုက်ရောက်ရှိလာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်သဖြင့် နေရာတွင်ပင် ပွဲချင်းပွဲသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

    ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက် နှင်းဆီလမ်းရှိ အဘိုင်လက်ဖက်ရည်ဆိုင်တွင် အဖော် ၂ ဦးနှင့်အတူထိုင်နေစဉ် အမည်မသိသေနတ်သမား၂ ဦး ဆိုင်ကယ်တစ်စီးဖြင့် ရုတ်တရက်ရောက်ရှိလာပြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ ဦးခိုင်ဝင်းအား ၈ ချက်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

    “ ဦးခိုင်ဝင်း သေတယ် သေနတ်အချက် ၂၀ လောက်ပစ်သွားတာ၊ သူနဲ့ ပါလာတဲ့ ကိုသိန်းဇံအောင်တို့ သားအဖလည်း ခြေလက်တွေထိမှန်သွားတယ်၊ ဆေးရုံပို့လိုက်တယ် အေခြေအနေဘယ်လိုမှန်း မသိရဘူး” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

    ထိုနောက် အခင်းဖြစ်ပွားခဲ့သည့်နေသို့ စစ်တပ်နှင့် ရဲလုံခြုံရေးတပ်ဖွဲ့များ မရောက်လာမီ အဆိုပါသေနတ်သမား ၂ ဦး ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

    အလားတူ ဘုရားသုံးဆူနယ်စပ်မြို့ပေါ်တွင် ဇွန်လ ၁၆ ရက်နေ့က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စောမောင်ကျော်နှင့် မေလ ၁၉ ရက်နေ့က အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းတို့ကို အမည်မသိ သေနတ်သမားများက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြပြီးဖြစ်သည်။

    ထို့အတူ ဘုရားသုံးဆူမြို့အနီး ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက အမည်မသိသေနတ်သမားလုပ်ကြံမှုကြောင့်  မွန်ညီညွတ်ရေးပါတီ အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး သေဆုံးခဲ့သည့်အမှုကိုလည်း တရားခံအား စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

    ဘုရားသုံးဆူနယ်စပ်မြို့နှင့်အနီးအနားတဝိုက်တွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF, ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ PNU/KLNA-PC, DKBA, KNU နှင့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့များ အခြေစိုက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts