spot_img
Wednesday, February 5, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးမော်လမြိုင် ကျောက်မီးသွေးရုံမီးပွိုင့်အနီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦးသေဆုံး

    မော်လမြိုင် ကျောက်မီးသွေးရုံမီးပွိုင့်အနီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ (၂၁ ဇွန် ၂၀၂၁)

    မော်လမြိုင် မောင်ငံရပ်ကွက် ကျောက်မီးသွေးရုံမီးပွိုင့်အနီးတွင် ယမန်နေ့ညပိုင်းအချိန်က စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလူငယ် ၂ ဦး ပွဲချင်းပီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    ဘီလူးကျွန်း-ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာသား ကိုမိုးဇော်ဦးနှင့် ကိုဇော်မင်းဦးတို့ (၂) ဦး ရွာသို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့်ပြန်လာစဉ် ယမန်နေ့ည ၈ နာရီအချိန်ခန့်က ကျောက်မီးသွေးရုံမီးပွိုင့်အနီး ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ပေါ်မှ လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက ပြောသည်။

    “မီးပွိုင့်ထိပ်မှာ ဆိုင်ကယ်တွေကိုတားစစ်တာ ဆိုင်ကယ်က ရပ်မပေးလို့သေနတ်နဲ့ပစ်ထည့်လိုက်တာလို့ ပြောကြတယ်၊ အလောင်းကို လမ်းမအလယ်မှာပစ်ထားတာ၊ ကျနော်တို့ ပရဟိတအဖွဲ့က သွားကောက်တာတောင် ကားကို အသံပိတ်၊ အပေါ်က မီးတန်းပဲ ဖွင့်ခိုင်းတယ်၊ ရင်ခွဲရုံကို ချက်ချင်းပို့လိုက်တယ်” ဟု ၎င်းက ဆိုသည်။

    သေဆုံးသူလူငယ် (၂) ၏ ကြွင်းကျန်ရုပ်အလောင်းကို အဘစ်ကျေးရွာသုသာန်၌ ယနေ့မွန်းလွဲပိုင်းအချိန်တွင် ကာယကံရှင်မိသားစုဝင်နှင့် ရွာသားများက မြှုပ်နှံသဂြိုလ်ခဲ့သည်။

    သို့ရာတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ မြဝတီသတင်းစဉ်က ကျောက်မီးသွေးလမ်းဆုံမီးပွိုင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက်သူအမျိုးသား ၂ ဦးမောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဝင်တိုက်ကာ ကိုင်ဆောင်သော ၃၈ ဘို့ သေနတ်အား လုယူ၍ ထွက်ပြေးရန်ပြုလုပ်စဉ် အခြားလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ အဆိုပါအကြမ်းဖက်သူ ၂ ဦး၏ ရင်ဘတ်နှင့် နောက်ကျောတို့ ထိမှန်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်ဖြင့် အတိုက်ခံရသော လုံခြုံရေးတပ်ဖွဲ့တစ်ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့သဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်ဟု သတင်းဖော်ပြခဲ့သည်။

    မော်လမြိုင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပုဒ်မ (၁၄၄) ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲဖြစ်ကြောင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ တွင် ၈ ဦးအထိအသက်ဆုံးရှုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts