Thursday, March 12, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ရေး CDM လှုပ်ရှားမှု အလွှာပေါင်းစုံမှ ပါဝင်လာ

    မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ရေး CDM လှုပ်ရှားမှု အလွှာပေါင်းစုံမှ ပါဝင်လာ

    -

    ဗညားပိုင် (၁၇ ဖေဖော်ဝါရီ ၂၀၂၁)

    မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ရေး လူထုလှုပ်ရှားမှုတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက သောင်းနှင့်ချီသောလူထုဆန္ဒပြချီတက်ပွဲများ အရှိန်မြင့်လှုပ်ရှားလာပြီး CDM လှုပ်ရှားမှုတွင်လည်း အလွှာပေါင်းစုံမှ ပါဝင်လာပါကြောင်း သတင်းရရှိသည်။

    မော်လမြိုင်မြို့ အထက (၂) လှိုင်ရပ်ကွက် စုရပ်မှ ရွှေမြိုင်သီရိရပ်ဘက်သို့ ချီတက်လမ်းလျှောက်ဆန္ဒပြရာမှ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ မြန်မာ့မီးရထား (မော်လမြိုင်)၊ မြန်မာနိုင်ငံ သင်္ဘောသားများအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းတချို့နှင့် မြို့ခံပြည်သူလူထု အင်အား ၁ သောင်းဝန်းကျင် ရှိကြောင်း သိရသည်။

    ပညာရေးဝန်ထမ်းတစ်ဦးက “ဒီကိစ္စက မတရားတာ လွန်အားကြီးလို့ပါ၊ ဒီမိုကရေစီစနစ် ပပျောက်သွားမှာကို စိုးရိမ်တယ်၊ ပြီးတော့ နောင်လာနောက်သား ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်လို့ ဝင်ပါဖြစ်ပါတယ်။ ပြီးတော့ CDM မှာပါဝင်ပါလို့ ပြောတာက ဒီစစ်အစိုးရရဲ့ ယန္တရားကြီးတွေ ရပ်တန့်သွားစေချင်တယ်၊ အဲ့ဒါကြောင့် အားလုံးပါဝင်စေချင်ပါတယ်လို့” ဟု ပြောသည်။

    ယနေ့တွင်လည်း မော်လမြိုင်မြို့ မြန်မာ့စီပွားရေးဘဏ်ခွဲ(၁) ဝန်ထမ်းများ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်လာရေးအတွက် ကမ်းနားလမ်းရှိ ဘဏ်ခွဲ(၁) အရှေ့တွင် မြို့ခံပြည်သူလူထု ၅၀၀ ဦးဝန်းကျင် အထိုင်သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကိုယ့်ရဲ့နောင်လာနောက်သားသမီးတွေအတွက်ပေါ့နော် အဲဒါကြောင့် CDM မှာ ပါဝင်စေချင်ပါတယ်။ ကျွန်မတို့ တိုက်တွန်းတာထက်စာရင်တော့ ကိုယ့်အသိစိတ်ဓါတ်၊ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် လုပ်တာကတော့ ပိုကောင်းပါတယ်၊ ပြီးတော့ ကိုယ့်ရဲ့တိုးတက်မှု၊ ကိုယ့်ရဲ့နိုင်ငံအတွက် ပါဝင်ပေးတာက အကောင်းဆုံးပါပဲလို့” ဟု ဆိုသည်။

    ထို့အတူ CDM လှုပ်ရှားမှုတွင် ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုပါဝင်လာသဖြင့် မော်လမြိုင်မြို့ပေါ်နှင့် မွန်ပြည်နယ်တဝန်းရှိ ပုဂ္ဂလိကဘဏ်ခွဲများအားလုံးလည်း ပိတ်ထားလိုက်ကြောင်း သိရသည်။

    မြန်မာ့မီးရထား ဝန်ထမ်းတစ်ဦးက “လက်ရှိ သူတို့ရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ပါပဲ၊ ပြီးတော့ လွတ်လပ်စွာပြောဆိုတဲ့ ဒီမိုကရေစီခေတ်ကိုပဲ ကြိုက်တယ် ခုဟာကို ကျနော်တို့က လက်မခံနိုင်ဘူးလေ၊ အဲဒါကြောင့်မလို့ CDM ကို ထည်ထည်ဝင်ဝင် လုပ်ဖြစ်တယ်လို့” ဟု ၎င်းကပြောသည်။

    ထို့အတူ မော်လမြိုင်-ရန်ကုန် အမှတ် ၉၀ လူစီးရထားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ဆန္ဒပြလူထုများပိတ်ဆို့ထားသည့်အပြင် မီးရထားဝန်ထမ်းအားလုံး CDM လှုပ်ရှားမှုတွင် ပါဝင်လာသဖြင့် ရန်ကုန်မြို့သို့ မီရထားအဆက်အသွယ်ပြတ်တောက်နေပြီဟု သိရသည်။ 

    မြန်မာနိုင်ငံတဝန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် နယ်မြို့များအားလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်းမြင့် နေ့စဉ်ဆက်လက်ဖြစ်ပေါ်လျှက်ရှိပြီး လုပ်ငန်းခွင်အားလုံး ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks