spot_img
Wednesday, March 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအာဏာသိမ်းခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ကြီးမာစွာထိခိုက်စေကြောင်း KNU နှင့် RCSS တို့ သဘောထားအသီးသီးထုတ်ပြန်

    အာဏာသိမ်းခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ကြီးမာစွာထိခိုက်စေကြောင်း KNU နှင့် RCSS တို့ သဘောထားအသီးသီးထုတ်ပြန်

    -

    စိုင်းထွန်းစံ (၂ ဖေဖော်ဝါရီ ၂၀၂၁)

    နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူလိုက်ခြင်းသည် ဒီမိုကရေစီ အသွင်ကူပြောင်းရေး လုပ်ငန်းစဉ်များကို ကြီးမာစွာ အဟန့်အတား ဖြစ်စေကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က သဘောထားထုတ်ပြန်ပြီး အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က ကြေညာလိုက်သည်။

    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အပေါ်လေးနက်မှုမရှိကြောင်းကို ပြသခြင်းဖြစ်ကာ စိန်ခေါ်မှုများစွာရှိနေသော နိုင်ငံ၏ ရှေ့အနာဂတ်အရေးကို ဆိုးဝါးစွာ ထိခိုက်စေမည်ဖြစ်ကြောင်း KNU ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

     NLD ပါတီခေါင်းဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များအပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများနှင့် အစိုးရအဖွဲ့ဝင်များကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းအပေါ် အနာဂတ်အတွက် လွန်မင်းစွာ ပူပန်မှုဖြစ်ပေါ်ရကြောင်း KNU က ဆိုသည်။

    ယခုအချိန်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေသည့် ကာလဖြစ်သောကြောင့် နိုင်ငံခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပြီး နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် အလေးအနက် တောင်းဆိုကြောင်းလည်း KNU က တိုက်တွန်းလိုက်သည်။

    အလားတူ မြန်မာ့တပ်မတော်က ဒီမိုကရေစီ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်စေသည့်အပြင် ဒီမိုကရေစီနှင့် ဆန့်ကျင်ကြောင်း၊ အာဏာသိမ်းခြင်းကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့သည်လည်း ရပ်ဆိုင်းသွားနိုင်ကြောင်း RCSS/SSA ၏ ဖေဖော် ၁ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းကြပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန် RCSS က ဆက်လက်တိုက်တွန်းထားသည်။

    RCSS သည် ဖက်ဒရယ်နှင့် ဒီမိုကရေစီ အတွက် ပြည်သူ့လူထု တရပ်လုံးနှင့် အတူတကွ ရပ်တည်ပြီး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သလို KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်အသီးသီးတွင် တွေ့ရသည်။

    NCA လက်မှတ်ရေးထိုးပြီးဖြစ်သော KNU နှင့် RCSS တို့သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် အင်အားကြီးမား၍ ၄င်းတို့၏လူထုထောက်ခံမှုအများဆုံးရရှိထားသည့် အဖွဲ့များဖြစ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks