Thursday, March 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်သစ်ပါတီ မူးယစ်ဆေးဖြတ်စခန်း ဆေးဝါးလုံလောက်မှုမရှိ

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဖြတ်စခန်း ဆေးဝါးလုံလောက်မှုမရှိ

    -

    ဗညားပိုင် (မော်လမြိုင်၊ ဇန်နဝါရီ ၁)

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်း- မင်းရွာအနီး အခြေစိုက်လျက်ရှိသော မွန်ပြည်သစ်ပါတီ သထုံခရိုင်အုပ်ချုပ်ရေးနယ်မြေ မူးယစ်ဆေးဖြတ်စခန်း၌ ဆေးဝါးလုံလောက်မှုမရှိတော့ကြောင်း သတင်းရရှိသည်။

    မွန်ပြည်သစ်ပါတီ သထုံခရိုင်ဥက္ကဋ္ဌ နိုင်ဧက က “ကျနော်တို့ကတော့ ရှိသလောက်ဆေးဝါးတွေနဲ့ တတ်နိုင်သလောက်နဲ့ပဲ ကုသပေးနေတာပေါ့နော်၊ ခုဆိုရင် ဆေးဝါးလည်း လုံလုံလောက်လောက်မရှိတော့ဘူး၊ မူးယစ်ဆေးဖြတ်တဲ့သူတွေကိုလည်း ကျနော်တို့မှာရှိတဲ့ဆေးဝါးတွေလောက်နဲ့ ကုသပေးနိုင်ပါတယ်။ ပြီးတော့ ဆရာဝန်လည်းမရှိပါဘူး ဆေးမှူးလောက်ပဲရှိတယ်” ဟု ပြောသည်။

    မူးယစ်ဆေးဖြတ်သည့်သူများနှင့် မူးယစ်ဆေးဝါးပြစ်ဒဏ်ကျခံနေသူအရေအတွက် လစဉ်ပျမ်းမျှ (၆၀) ယောက်ကျော် ရှိကြောင်း၊ ယခုအခါ မူးယစ်ဆေးဖြတ်မည့်လူငယ်များအား မိဘများလာရောက်အပ်နှံနေမှုကိုလည်း ဆေးဝါး၊ အဆောက်အဦးနှင့် စားနပ်ရိက္ခာမလုံလောက်မှုကြောင့် ကန့်သတ်လိုက်ကြောင်း ၎င်းကဆိုသည်။

    သထုံခရိုင် ဆေးမှူး နိုင်အိုင်းမွန်က “ဆေးဖြတ်တာက စိတ်ငြိမ်အောင်လုပ်ရတာဆိုတော့ ပြဿနာက စိတ်ငြိမ်ဆေးကို ကျနော်တို့ ဝယ်ခွင့်မရှိဘူး၊ အပြင်ဆေးခန်းသွားပြထားတဲ့ ဆရာဝန်ပေးလာတဲ့ဆေးကိုပဲ ပေးသောက်နေရတယ်။  အဲ့ဆေးတွေက ဆရာဝန်လက်မှတ်ပါမှ ဝယ်လို့ရတယ်၊ ဒီလိုစိတ်ငြိမ်ဆေးတွေက သေချာစမ်းသပ်ပြီးတော့မှလည်း လူနာကိုကုသလို့ရတာလေ” ဟု ပြောသည်။

    အလားတူ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင် အုပ်ချုပ်ရေးဒေသများတွင်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆေးစွဲသူများပြန်လည်ကုသရေး၊ ပြစ်မှုကျူးလွန်သူတရားခံများအား ထိန်းသိမ်းရန်လုံခြုံသောနေရာနှင့် စားနပ်ရိက္ခာအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာသည်ဟု သတင်းရရှိသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးဖြစ်သော မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများအတွင်း မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေးတွင် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိသေးကြောင်း မွန်ပြည်သစ်ပါတီတာဝန်ရှိ ပုဂ္ဂိုလ်များမှသိရသည်။

    မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks