Thursday, March 12, 2026
More
    spot_img
    HomeCovid 19ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှပြန်လည်ဝင်ရောက်သူများအား စောင့်ကြည့်ရေးစခန်းတွင် ၁၄ ရက်ထားစောင့်ကြည့်သွားမည်

    ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှပြန်လည်ဝင်ရောက်သူများအား စောင့်ကြည့်ရေးစခန်းတွင် ၁၄ ရက်ထားစောင့်ကြည့်သွားမည်

    -

    မွန်သတင်းအေဂျင်စီ (ဧပြီ ၅)

    Covid-19 ရောဂါထိန်းချုပ်ရေးအတွက် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများအား ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သက်ဆိုင်ရာ စောင့်ကြည့်ရေးစခန်းများတွင် Quarantine ၁၄ ရက်ထားစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါနေရပ်ပြန်လာသူများအနက် မွန်ပြည်နယ်အတွင်း နေရပ်များသို့ပြန်မည့်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ အပ်နှံမည်ဖြစ်ပြီး ကျန်အခြားပြည်နယ်၊ တိုင်းဒေသကြီးများရှိ နေရပ်များသို့ပြန်မည့်သူများအား အထက ဘုရားသုံးဆူ စောင့်ကြည့်ရေးစခန်းသို့ပို့ဆောင်အပ်နှံ၍  ၁၄ ရက်ထားရှိစောင့်ကြည့်မည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

    “နောက်(၂)ပတ်၊ (၃)ပတ်အတွင်းမှာ ရောဂါပျံ့ပွါးနှုန်းဘယ်လောက် မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ဒီ အချိန်မှာပြည်သူတွေအားလုံး အထူးသတိဝိရိယနဲ့ ရောဂါမပျံ့ပွါးရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာဖို့အရေးကြီးပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူမှုကွန်ယက် Facebook တွင် ရေးသားထားသည်။

    Covid-19 ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဥပဒေထုတ်ထားကြောင်း၊ အဆိုပါဥပဒေများနှင့် လုံခြုံရေးဥပဒေများကို ချိုးဖောက်ပါက အရေးသွားယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုထားကြောင်း၊ မတ်လ ၂၂ ရက်နေ့နောက်ပိုင်း ပြည်ပမှပြန်ရောက်လာသူများအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် Community Based Facility Quarantine တွင် နေထိုင်မှုမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားထားသည်။

    “ကျွန်မတို့တွေ မတွေ့ရမကြုံရဘူးတဲ့ သင်္ကြန်မျိုးကိုဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမဲ့သင်္ကြန်ပါ။လူစုလူဝေးဆိုတာဘယ်နှစ်ယောက်လဲလို့စဉ်းစားတာတွေရှိမှာပါ။ လူနည်းလေကောင်းလေ၊ အလှမ်းဝေးလေကောင်းလေပါ။ ထိတွေ့မှုရှိသူတစ်ဦးပိုလာတာနဲ့ အန္တရာယ်တစ်ခုပိုလာပြီလို့ မှတ် ပါ။ သတိဆိုတာ လွန်ကဲတယ်လို့မရှိပါဘူး။ရေထွက်မကစားရတဲ့သင်္ကြန်။ ခြိမ့်ခြိမ့်သဲ အလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန် ဆိုပြီးစိတ်မပျက်ကြပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်ကို Facebook တွင် ဖတ်ရှုခဲ့ရသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု Quarantine ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ်ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ လာမည့်ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ  မတ်လ ၃၀ ရက်နေ့က ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    တစ်ဖက်တွင် လက်ရှိ ထိုင်းနိုင်ငံတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြန်မာဘက်သို့ဝင်ထွက်ပေါက်အားလုံးကို ထိုင်းနိုင်ငံမှ ပိတ်ထားသည်ဆိုသော်လည်း တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

    Photo-ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့အဝင် ချက်ပွိုင့် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks