Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမန္တလေးတိုင်းအတွင်း မရှိမဖြစ်လိုအပ်သောလုပ်ငန်းများမှလွဲ၍ ဧပြီ ၆ ရက်နေ့မှ ၂ ပတ်ကြာယာယီပိတ်သိမ်းကြောင်း ဝန်ကြီးချုပ်တားမြစ်မိန့်ထုတ်ပြန်

    မန္တလေးတိုင်းအတွင်း မရှိမဖြစ်လိုအပ်သောလုပ်ငန်းများမှလွဲ၍ ဧပြီ ၆ ရက်နေ့မှ ၂ ပတ်ကြာယာယီပိတ်သိမ်းကြောင်း ဝန်ကြီးချုပ်တားမြစ်မိန့်ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (ဧပြီ ၄ )

    မန္တလေးတိုင်းဒေသကြီးအတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များထုတ်လပ်ရောင်းချသည့်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် အရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်းများ၊ ဘဏ်များ အစရှိသည့် လုပ်ငန်းများမှလွဲ၍ အခြားလုပ်ငန်းများအားလုံးကို ဧပြီ ၆ ရက်နေ့မှစတင်၍ ၂ ပတ်ကြာယာယီပိတ်သိမ်းကြောင်း တိုင်းဝန်ကြီးချုပ်က ယနေ့ရက်စွဲဖြင့် တားမြစ်မိန့်ထုတ်ပြန်လိုက်သည်။

    အထက်ပါဖွင့်လှစ်ခွင့်ပြုသော လုပ်ငန်းများကို ဖွင့်လှစ်ခြင်းမပြုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်သလို ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင်များ အစရှိသည့်ကျန်လုပ်ငန်းများအားလုံး ဧပြီလ ၆ ရက် ညသန်းခေါင် ၁၂ နာရီအချိန်မှ ဧပြီလ ၂၁ ရက် ညသန်းခေါင်အချိန်ထိ ခေတ္တယာယီပိတ်သိမ်းထားရမည်ဖြစ်ပြီး ပိတ်သိမ်းခြင်းမပြုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အဆိုပါတားမြစ်မိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်အသစ် ဒေါက်တာသာထွန်းကျော်က “ပြည်သူတွေတကယ်လိုက်နာရမယ့်လုပ်ငန်းက မိမိတို့အိမ်မှာနေဖို့ပဲဖြစ်ပါတယ်။ အတတ်နိုင်ဆုံးအိမ်အပြင်ထွက်ပြီး ခရီးသွားလာခြင်းကိုရှောင်ရှားဖို့ဖြစ်ပါတယ်။ အပြင်လူတွေနဲ့မတွေ့ပါနဲ့၊ အဲဒီလိုလုပ်ချင်းသည် ရောဂါပိုးကူးစက်မှုကို ကာကွယ်တားဆီးရာရောက်ပါတယ်။ လူထုကို အဓိက ဒါလေးတိုက်တွန်းချင်ပါတယ်” ဟု Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    ထို့အတူ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကားများမှအပ ကျန်ရှိသောခရီးသည်တင်ယာဉ်လိုင်းများအားလုံး၊ ဘုရားဖူးယာဉ်များအားလုံး၊ အပန်းဖြေအလည်အပတ်ခရီးသွားယာဉ်များအားလုံးနှင့် ယာဉ်မောင်းအပါအဝင် ၇ ဦးထက်ပိုသော အိမ်စီးကားများအားလုံးကို တိုင်းဒေသကြီးအတွင်း ဝင်ထွက်သွာလာခွင့်များအား အလားတူ ဧပြီလ ၆ ရက်နေ့မှ ၂ ပတ်ကြာ ခေတ္တပိတ်သိမ်းထားရမည်ဖြစ်သည်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီး၌ သင်္ကြန်ကာလ ပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ကျန်းမာရေးကိစ္စနှင့် အစားအသောက်ဝယ်ယူရေးကိစ္စမှအပ နေအိမ်မှ အပြင်မထွက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ထားပြီး ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီများမှတဆင့် ပြည်သူအားလုံး သိရှိနိုင်ရန် ညွန်ကြားထားကြောင်း သတင်းရရှိသည်။

    ထို့ပြင် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားလုံးကို အရေးကြီးကိစ္စရပ်များ(နာရေးမှအပ) ခရီးသွားလာခြင်းအား ခွင့်မပြုရန်နှင့် သင်္ကြန်ကာလရုံးပိတ်ရက်အတွက် ပြန်ပေးရမည့်အစားထိုးရုံးပိတ်ရက်အား Civid-19 ရောဂါပိုးကင်းစင်သည့်အချိန်တွင် ဝန်ထမ်းအင်အားတစ်ဝက်ရုံးတက် တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားရန် နိုင်ငံတော်သမ္မတရုံး အမြဲတမ်းအတွင်းဝန်က အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ကြောင်း မိတ္တူစာကို တွေ့ရှိရသည်။

    Covid-19 ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၃ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့် PUI ၆၈၈ ဦး၊ သံသယ Suspected ၂ ဦး၊ ဓါတ်ခွဲပိုးတွေ့လူနာ ၂၀ ဦး၊ ဓါတ်ခွဲပိုးမတွေ့ ၆၁၆ ဦးနှင့် ဓါတ်ခွဲအဖြေစောင့်ဆိုင်းဆဲ Lab Pending ၅၄ ဦးတို့ရှိကြောင်း သိရသည်။

    Photo-မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ တားမြစ်မိန့် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks