Friday, March 13, 2026
More
    spot_img
    Homeသတင်းယခုနှစ် နေလှမ်းဆားလုပ်ငန်း အရှုံးပေါ်

    ယခုနှစ် နေလှမ်းဆားလုပ်ငန်း အရှုံးပေါ်

    -

    ရိုင်မရော့ – နေလှန်းဆား ထုတ်လုပ်သည့် ရာသီအတွင်း အခါမဲ့မိုး အကြိမ်ကြိမ် ရွာသွန်းခြင်းကြောင့် ဆားကွင်းများ ပျက်စီးပြီး အရှုံးပေါ်ရကြောင်း မွန်ပြည်နယ်မှ ဆားလုပ်ငန်းရှင်နှင့် ဆားကုန်သည်များက ပြောသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ အလုပ်သမတဦး ဒလိမ့်လှိမ့်နေစဉ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စ႘)
    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ အလုပ်သမတဦး ဒလိမ့်လှိမ့်နေစဉ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စ႘)

    ၂၀၁၀ ခုနှစ် ဒီဇင်ဘာလလယ်ခန့်က ၃ ရက်ဆက်တိုက် တကြိမ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တကြိမ်၊ မတ်လလယ်တွင် ၂ ရက်ဆက်တိုက် တကြိမ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မွန်ပြည်နယ်ရှိ ဆားကွင်းအားလုံးနီးပါး ပျက်စီးခဲ့ရသည်။

    ယခင်က ဆားကြမ်းတပိဿာ ၄၀ ကျပ်ေ ကျာ် ရှိသော်လည်း မတ်လလယ်ခန့်တွင် ၁၀၀ ကျပ်ထိ ရုတ်တရက် ထိုးတက်ခဲ့သည်။ သို့သော်လည်း ဆားစျေး မတည်ငြိမ်ခြင်းနှင့် ဆားအထွက်နည်းခြင်းကြောင့် အရှုံးပေါ်ရခြင်း ဖြစ်သည်။

    “ကျနော်ကတော့ သေချာနေပြီ။ သိန်းတရာလောက် ရှုံးမယ်ဆိုတာ၊ ဒါတောင် ကျနော့် ဆားကွင်းက ရွာနဲ့နီးလို့။ ရွာနဲ့ဝေးတဲ့ ဆားကွင်းတွေဆို ဒီ့ထက် ပိုရှုံးမယ်” ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငဆားကွင်းမှ ဆားလုပ်ငန်းရှင် နိုင်တင်အောင်က ပြောသည်။

    သူ့အနေနှင့် ဆာကွင်း ဧက ၃၀ အတွက် ကျပ်သိန်း ၂၀၀ ခန့် ရင်းထားရပြီး လောလောဆယ်တွင် သိန်း ၄၀ သာ ပြန်လည် ရရှိသေးကြောင်း ပြောသည်။

    ရာသီဥတု သာယာသည့်နှစ်များတွင် ဆားပိဿာချိန် ၅ သိန်းကျော် ထွက်သော်လည်း ယခုနှစ်တွင် ပိဿာချိန် ၂ သိန်း ရရန်ပင် မလွယ်ကူကြောင်း သူက ခန့်မှန်းသည်။

    “ကျနော်တယောက်တည်း မဟုတ်ဘူး၊ ပုဂ္ဂလိကပိုင်ရော အစိုးရဦးပိုင်ရော အားလုံးပဲ၊ ပြန်လုပ်ဖို့ကလည်း ဆားရာသီလည်း ကုန်တော့မယ်။ မိုးကလည်း ရွာနေတုန်းပဲ” ဟု နိုင်တင်အောင်က ဆက်ပြောသည်။

    နေလှန်းဆား ထုတ်လုပ်ရန်အတွက် နှစ်စဉ် စက်တင်ဘာလမှ စတင်၍ ကွင်းပြင်ခြင်း၊ တမံတုတ်ခြင်း၊ ကန်သင်းရိုးရိုက်ခြင်း၊ ဂျုတ်ဆွဲခြင်း၊ ဒလိမ့်လှိမ့်ခြင်း၊ ရေငန်သွင်းခြင်းများကို အဆင့်ဆင့်ပြုလုပ်ရပြီး ဇန်နဝါရီလဆန်းခန့်တွင် နေလှန်းဆား စထွက်သည်။

    မိုးမကျမီ မေလဆန်းတွင် နေလှန်းဆားလုပ်ငန်း ရပ်နားသည်။ သို့သော်လည်း မိုးဆက်လက် ရွာသွန်းဦးမည့် အခြေအနေကြောင့် ယခုနှစ်တွင် ဆားလုပ်ငန်းရှင်များ ယခုဧပြီလဆန်းမှ ၎င်းတို့လုပ်ငန်းများကို အဆုံးသတ်နေကြကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မှ ဆားကုန်သည် နိုင်ဝင်းက ပြောသည်။

    “ဆားကွင်းငယ် ပိုင်ရှင်တွေက အခုကကတည်းက နားလိုက်ကြပြီ၊ ဆားကွင်းကြီးတွေကတော့ ကွင်းက လက်ကျန်ဆားတွေကို လိုက်သိမ်းနေကြပြီ၊ ဆက်လုပ်လို့ မရတော့ဘူး” ဟု သူက ပြောသည်။

    “ဒီနှစ်မှာ ဆားလုပ်ငန်းရှင်တိုင်း ရှုံးကြမှာပဲ။ တချို့က တဝက်လောက် ရှုံးမယ်။ တချို့ဆို သုံးပုံ နှစ်ပုံလောက်တောင် ရှုံးဖို့ ရှိတယ်” ဟု နိုင်ဝင်းက ခန့်မှန်းသည်။

    မွန်ပြည်နယ်အတွင်း ဆားအများဆုံး ထုတ်လုပ်သောဒေသမှာ သံဖြူဇရပ်မြို့နယ် ဖြစ်ပြီး ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင်လည်း ထုတ်လုပ်ကြသည်။ မွန်ပြည်နယ်မှ ဆားများကို မြန်မာပြည်အနှံ့ တင်ပို့ ရောင်းချသည်။

    မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်၌ နေလှမ်းဆား ထုတ်လုပ်ကြပြီး ဧရာဝတီတိုင်းတွင် အများဆုံး ထွက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks