Friday, March 20, 2026
More
    spot_img
    Homeသတင်းမွေးစာရင်းမရှိသောကလေးများအား အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် ကျောင်းအပ်လက်ခံမည်

    မွေးစာရင်းမရှိသောကလေးများအား အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် ကျောင်းအပ်လက်ခံမည်

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ မေ-၂၄)

    ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် မကြာမီကျောင်းအပ်မည့်ကလေးများ မွေးစာရင်းမတင်ပြနိုင်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် လက်ခံမည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

    သို့သော် မွေးစာရင်းပြုလုပ်ရလွယ်ကူသည့် မြို့ပေါ်ရှိကလေးများ မပါဝင်ဘဲ ရွှေ့ပြောင်းလုပ်သားတို့၏ သားသမီးများ၊ အခြားနယ်မှ ပြောင်းရွှေ့လာသူများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး(တာဝန်)ဒေါက်တာချိုချိုမြတ်အောင်ကပြောသည်။

    “ကျောင်းအပ်ဖို့အတွက်က မွေးစာရင်းတွေလိုတယ် ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ် တခြားနယ်မြေကနေ ပြောင်းလာတဲ့သူတွေရှိတယ် အဲဒီလိုအခြေအနေမျိုးတွေအတွက် မွေးစာရင်း မတင်ပြနိုင်တဲ့အပေါ်မှာ လက်ရှိသူတို့နေနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်လောက်နဲ့လာရင် တီချယ်တို့က ကလေးကို အလွတ်မခံဘူး ကလေးရဲ့ ပညာသင်ယူခွင့်ကို မဆုံးရှုံးစေရဘူး” ဟု ၎င်းကဆက်ပြောသည်။

    မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မွန်စောနွယ်က ကျောင်းအပ်ရန် ထောက်ခံချက်နှင့် ပတ်သက်၍ စိုးရိမ်ဖို့ မလိုဘဲ ချက်ချင်းထုတ်ပေးမည်ဖြစ်ပြီး မွေးစာရင်းလုပ်လိုပါက ကျေးရွာကျန်းမာရေးမှူးထောက်ခံချက်ဖြင့် ၃ ရက်အတွင်း အပြီးလုပ်ပေးနေသည်ဟု ပြောသည်။

    “မိဘတွေ ထိုင်းနိုင်ငံမှာအလုပ်လုပ်ပြီး မွေးဖွားတဲ့ကလေးတွေဆို ဒီမှာ မွေးစာရင်းပေးမဝင်ဘူး၊ ဒါပေမယ့် ဒီကကျန်းမာရေးမှူး ထောက်ခံချက်နှင့် ကျွန်တော်တို့က ရအောင်လုပ်ပေးတယ်၊ တချို့ ဘယ်မှာ အခက်တွေ့လဲဆိုတော့ ဟိုမှာ မွေးစာရင်းသွင်းထားပြီးသားကိုး၊ ဒီမှာထပ်သွင်းရင်တော့ ကျန်းမာရေးမှူးလည်း မထောက်ခံရဲဘူး အဲလို အခက်အခဲရှိတယ်” ဟု
    နိုင်မွန်စောနွယ်က ဆိုသည်။

    ကျောင်းအပ်နှံရေး ရက်သတ္တပတ်အနေဖြင့် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျလျှင်လည်း အချိန်မရွေးလက်ခံပေးကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှသိရသည်။

    ပုံမှန်အားဖြင့် ကျောင်းအပ်လျှင် ကျောင်းသားမိဘအမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ကျောင်းသားကျောင်းသူ၏အမည်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း စသည်တို့ကိုတင်ပြရသည်ဟု ဆိုသည်။

    မွန်ပြည်နယ် ၁ဝ မြို့နယ်တွင် အစိုးရ အခြေခံပညာမူလတန်းကျောင်း ၁၅၀၀ ကျောင်းကျော်ခန့် ရှိသည်။

    Photo- မွန်ပြည်နယ် ပညာရေးမှူးရုံး(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks