spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းအောင်သပြေ-နှစ်ကရင်လမ်းဆောင်ရွက်ထားသည့်အခြေအနေ ဝန်ကြီးများ၏ဖြေကြားချက် လုံးဝအားရကျေနပ်မှုမရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆို

    အောင်သပြေ-နှစ်ကရင်လမ်းဆောင်ရွက်ထားသည့်အခြေအနေ ဝန်ကြီးများ၏ဖြေကြားချက် လုံးဝအားရကျေနပ်မှုမရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆို

    -

    ရွှေရိုး (မွန်လွှတ်တော်-မေ ၃ )

    ရေးမြို့နယ်၊ အောင်သပြေ-နှစ်ကရင်လမ်း ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ရာတွင် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများဖြေကြားချက်အပေါ် လုံဝအားရကျေနပ်မှုမရှိကြောင်း ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဦးစီးဋ္ဌာနတို့မှ အောင်သပြေ-နှစ်ကရင်လမ်းအား Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီအား တာဝန်ပေးဆောင်ရွက်စေခဲ့ရာတွင် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးအတွက် မေးမြန်းခဲ့သည်ဟု ဆိုသည်။

    “အားရမှုကတော့ လုံးဝမရှိဘူး။ အားရမှုမရှိဘူးဆိုတာက တက်ပြီးတော့ နားထောင်တဲ့ ပရိသတ်တွေလည်းရှိတယ်။ ပထမတစ်ယောက်ဖြေတာက အပိုဒ် (၆) ကိုးကားပြီးတော့ ပြောတယ်။ အပိုဒ် (၆) ကို ကျွန်တော်ထောက်လိုက်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခွင့်ပြုချက်၊ ညွှန်ကြားချက် ကင်းလွတ်ခွင့်နဲ့ ကိုးကားပြီးတော့ ပြန်ဖြေတယ်၊ နှစ်ယောက်ဖြေတာက နှစ်မျိုးဖြစ်နေတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ မည်သည့်နေ့ရက်တွင် မည်သည့်စာအမှတ်ဖြင့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်ဟု ပြန်လည်မေးမြန်းသောအခါ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိသည့်အတွက် ပြန်လည်စဉ်းစားရမည့်ကိစ္စရပ်များ ဖြစ်ပေါ်နေသည်ဟု မိမိယူဆကြောင်း ၎င်းကဆိုသည်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အတိုင်ပင်ခံနဲ့တွေ့တော့ အခက်အခဲလေးတော့ ရှိပါတယ်လို့ ပြောပါတယ်။ အတိုင်ပင်ခံက မိုးတွင်းမှာ မီးနီဘတ်ဂျတ်လည်းဖြစ်နေတယ်။ ဖောက်ရတာလည်း ခက်နေတယ်၊ အဲဒါကြောင့် ဒီလမ်းကို တင်ဒါကင်းလွတ်ခွင့်၊ တင်ဒါမခေါ်ပဲနဲ့တော့ ဖောက်လိုက်တယ်”ဟု ဒေါက်တာအောင်နိုင်ဦး၏ ဆက်စပ်မေးခွန်းကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဖြေကြားခဲ့ခြင်းဖြစ်သည်။

    သို့သော် ဒီမိုကရေစီစနစ်သို့ ဦးတည်ရာတွင် မည်သည့်အရာမျှနှုတ်မိန့်ဖြင့်လုပ်၍မရဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့နံနက် လူထုတွေ့ဆုံပွဲ၌ ပြည်သူများအား အသိပေးပြောကြားထားပြီး ဖြစ်သည်။

    ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဋ္ဌာနမှ အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်း (၄/၃)မိုင်ကို မြေသားတာဘောင်ချဲ့ခြင်း၊ (၁/၄)ကို ကွန်ကရစ်လမ်းခင်းခြင်းတို့အတွက် ကျပ်သန်း (၁၀၀၀) ဖြင့် အတည်ပြုဆောင်ရွက်စေခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာန၊ ငွေလုံးငွေရင်းခေါင်းစဉ်တွင် အောင်သပြေ- နှစ်ကရင်လမ်းမြေသားဘောင်ချဲ့ခြင်း (၂/၅) မိုင်နှင့် ကွန်ကရစ်လမ်းခင်းခြင်းအတွက် သန်း (၅၀၀) ဖြင့် ခွင့်ပြုဆောင်ရွက်စေခဲ့ကြောင်း၊ ထို့အပြင် မော့ကနင်-နှစ်ကရင်လမ်းပိုင်း (၃) မိုင်အား ကတ္တရာခင်းရန်အတွက် ကျပ်သန်း (၃၉၅) ဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။

    အဆိုပါ အောင်သပြေ-နှစ်ကရင်လမ်းသည် သပြေရွာသစ်ကိုအခြေပြု၍ Southern Myanmar Development Co.,Ltd.(SMD) အကောင်အထည်ဖော်လျက်ရှိသော ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ပြည်နယ်စက်မှုဇုံ၊ ငါးလုပ်ငန်းဇုံ၊ အထူးစီးပွားရေးဇုံ၊ အိမ်ယာစီမံကိန်းဇုံနှင့် မွန်ပြည်နယ်အစိုးရပိုင် စီမံခန့်ခွဲဇုံ စသည့်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အထောက်အကူပြုသည့်လမ်းကြောင်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။


    Photo- ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးခွန်းမေးမြန်းစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts