မင်းချမ်းညီ (မော်လမြိုင်၊ မတ် ၁၄)
မွန်ပြည်နယ်၊ မုဒုံမြို့နယ်က ခပ်ရခပ်ယူထိုင်တော်မူ ဘုရားအနီးရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေ ၃၆၈ ဧကကို ပြည်နယ်အစိုးရထံလွှဲပြောင်းပေးခဲ့ပြီး ရာဘာမြို့တော်တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ထားရာတွင် စီမံကိန်းအသေးစိတ်မသိရှိရသဖြင့် မေးခွန်ထုတ်စရာဖြစ်နေကြောင်း ရာဘာလုပ်ငန်းရှင်များက ပြောသည်။
ယင်းမြေနေရာများကို လာရောက်ရင်းနှီးမြှုပ်ကြမည့် လုပ်ငန်းရှင်များအတွက် ငှားရမ်းခြင်း (သို့မဟုတ်) ရောင်းချခြင်းရှိမရှိ၊ လျှပ်စစ်မီးရရှိမှုအနေအထား၊ ကုန်ထုတ်လမ်းများနှင့် စက်ရုံသုံးလိုအပ်ချက်များကို ပြည်နယ်အစိုးရက လုပ်ငန်းရှင်များအား ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း မွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌ နိုင်ကျန်ရစ်က ပြောသည်။
နိုင်ကျန်ရစ်က “အစိုးရက ရာဘာ City လုပ်မယ်၊ လာရောက်ရင်းနှီးမြှုပ်နှံကြပါဆိုပြီးပြောတဲ့ သတင်းတွေကြားတော့ စီးပွားရေးသမားတွေက ကျွန်တော်တို့အသင်းကို လာချဉ်းကပ်တယ်။ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လျှပ်စစ်မီးအပြည့်အဝရနိုင်မလား၊ ကုန်ထုတ်လမ်းတွေရော ဖွင့်ပေးမှာလားဆိုတာ အတိအကျအခုချိန်ထိ မသိသေးဘူး။ဘယ်လိုအစီစဉ်တွေရှိလဲဆိုတာကိုလည်း ခုချိန်ထိ မသိရသေးဘူး”ဟု ပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် ရာဘာဈေးကွက်ရှာဖွေပေးရန် ကတိပေးထားသော်လည်း လက်ရှိအချိန်ထိ ရာဘာမြို့တော် တည်ဆောက်မည့် အစီစဉ်နှင့် ရာဘာဈေးကောင်းမရရှိသေးကြောင်း မုဒုံမြို့နယ်ရှိ ရာမညလွီဟန် ရာဘယသီဟနန် ရာဘာအရည်သွေးမြှင့်စက်ရုံမှ ဦးစိုးအောင်က ဆိုသည်။
ဦးစိုးအောင်က “ဘုရားကြီးနားက ဧက ၃၆၀ ကျော်ကိစ္စက အခုကျတော့ ပျောက်သွားတယ်။ ဘာကိစ္စရှိလို့လဲတော့ မသိဘူး။ ဒေါက်တာအေးဇံ(မွန်ပြည်နယ်ဝန်ကြီးချုပ်) ကိုယ်တိုင်ပြောတယ်။ ဈေးကွက်ကတော့မပူနဲ့ အစိုးရတာဝန်ယူမယ်လို့ ပြောခဲ့တယ်။ အခုကျတော့ ဈေးကွက်မှမရှိတာ။ အစိုးရကလည်းပျောက်နေတယ်။ အစိုးရကိုတောင်းဆိုချင်တယ်။ဈေးကွက်ကို မွန်ပြည်နယ်အစိုးရလုပ်ပေးနိုင်ရင် ရာဘာကဏ္ဍ ပြောင်းလဲသွားမယ်”ဟု ပြောသည်။
မွန်ပြည်နယ်အစိုးရအနေဖြင့် မြေနေရာများကို ငှားရမ်းပေး၍ ရာဘာမြို့တော်ဖြစ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလောတွင် စက်ရုံလုပ်ငန်းရှင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးကိစ္စများတွင် အခက်ခဲဖြစ်စေနိုင်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။
“လက်ရှိရာဘာစက်ရုံတွေ တည်ဆောက်ထားမှုအခြေအနေက သဘာဝပတ်ဝန်းကျင်အတွက် သတ်မှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာဖို့ အခက်ခဲဖြစ်တာတွေရှိတယ်လို့ သူတို့(စက်ရုံလုပ်ငန်းရှင်တွေ)တင်ပြထားတာတွေတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် စက်ရုံတွေစဆောက်တုန်းက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့စည်းကမ်းချက်တွေကို ဒီလောက်ထိ အများကြီး မပြဌာန်းထားတဲ့အတွက် ခုချိန်မှာ ဒီစည်းကမ်းတွေကို လိုက်နာဖို့ ခဲယဉ်းသွားတဲ့အခြေအနေမျိုးတွေဖြစ်လာတယ်။ ဒါကြောင့်မို့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လိုက်နာဖို့တွန်းအားပေးရတဲ့နေရာမှာအခက်ခဲတွေဖြစ်လာတယ်။ ရေရှည်မှာတော့ သူတို့
စည်းကမ်းအားလုံးလိုက်နာနိုင်တဲ့ ရာဘာမြို့တော်လို မြေနေရာမျိုးကို ပြောင်းရွှေ့နိုင်အောင်ကြိုးစားရမယ်” ဟု ပြောသည်။
ရာဘာမြို့တော်တည်ဆောက်နိုင်ပါက နိုင်ငံခြားမှလာရောက်ချိတ်ဆက်မှုများရှိမည်ဖြစ်သလို ရာဘာကုန်ချော ရရှိသည့်အထိ ထုတ်လုပ်မည်ဖြစ်သည့်အတွက် ရာဘာစိုက်တောင်သူများအတွက်လည်း ထိုက်သင့်သည့်ဈေးနှုန်းများရရှိလာနိုင်မည် ဖြစ်ကြောင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ယူဆသည်။
ထို့အပြင် မနက်ဖြန် မတ်လ ၁၅ ရက်နေ့တွင် ရာဘာမြို့တော်အတွက်လိုအပ်နေသည့် လျှပ်စစ်ကဏ္ဍအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဖင်လန်နိုင်ငံမှ BIOKOSKI ကုမ္ပဏီတို့က စွန့်ပစ်အမှိုက်မှ လျှပ်စစ်နှင့်အပူစွမ်းအင် ထုတ်လုပ်မည့် စီမံကိန်းကို နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးသွားမည်ဟု မွန်ပြည်နယ်အစိုးရရုံးမှ သတင်းရရှိသည်။