Thursday, March 12, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုနေ့တွင် ဗိုလ်ချုပ်ရုပ်တု ဆန္ဒပြသူများ ရော်ဘာကျည်အပစ်ခံရ၊ ၄ ဦးထက်မနည်းဒဏ်ရာရရှိ

    ပြည်ထောင်စုနေ့တွင် ဗိုလ်ချုပ်ရုပ်တု ဆန္ဒပြသူများ ရော်ဘာကျည်အပစ်ခံရ၊ ၄ ဦးထက်မနည်းဒဏ်ရာရရှိ

    -

    ဇော်ထိုက် (မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၂)

    ဗိုလ်ချုပ်ရုပ်တု နေရာပြောင်းရွှေ့ပေးရေး အပါအဝင် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရေး ကြွေးကျော်သံများဖြင့် ဆန္ဒပြ တောင်းဆိုသူများ ချီတက်တောင်းဆိုကြရာတွင် သတ်မှတ်စည်းကို ကျော်လွန်သည်ဟုဆိုကာ ရဲတပ်ဖွဲ့မှ ရော်ဘာကျည်ဖြင့် ပစ်ခတ်သဖြင့် ကရင်နီလူငယ် ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆန္ဒပြ ဦးဆောင်သူ ကရင်နီလူငယ်အင်အားစုမှ ကိုဒီးဒီက ပြောသည်။

    ကရင်နီပြည်သူ ၃၀၀၀ ခန့်သည် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရာ လွိုင်ကော်မြို့ ကန္တာ ဟေဝန်ပန်းခြံတွင် ယနေ့ ၁၀ နာရီမှစတင်၍ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

    “နာရီစင်အနားမှာ ဖြစ်သွားတာပါ၊ သူတို့က စည်းတားထားတယ်၊ ဒါကို မကျော်ဖို့ပေါ့၊ ကျွန်တော်တို့ ကျော်ခဲ့လို့ ပစ်ခတ်နှိမ်နင်းတဲ့ ပုံစံ လုပ်သွားတာ၊ ရဲက မီးသတ်ပိုက်နဲ့ ရာဘာကျည်တွေကို သုံးပြီး လူစုခွဲ ဖြိုခွင်းခဲ့ရာမှာ လူငယ်တွေ ထိခိုက်ဒဏ်ရာရသွား ပါတယ်”ဟု ၎င်းက ဆိုသည်။

    ထိုအခြေအနေနှင့် ပတ်သက်ပြီး လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်း မရှိပေ။

    ဆန္ဒပြတောင်းဆိုသူများသည် ဗိုလ်ချုပ် ကြေးရုပ်တု ဖြုတ်သိမ်းပေးရေး၊ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး နုတ်ထွက်ပေးရေး၊ ဌာနေတိုင်းရင်းသား ဆန္ဒ ဦးစားပေးရေး၊ ဗိုလ်ချုပ်ရုပ်တု အလိုမရှိ ၊ အမျိုးသားတန်တူရေး ရရှိရေး ဒိုအရေး စသည့် ကြွေကြော်သံများဖြင့် ဆန္ဒထုတ်ဖော်နေသည်။

    ယင်းအပြင် ၎င်းတို့ ဆန္ဒပြသော နေရာကို ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့မှ လာရောက် စေ့စပ်ညှိနှိုင်းပေးရန် တောင်းဆိုထားပြီး၊ လာရောက် ညှိနှိုင်းပေးခြင်း မရှိပါက ကြီးမားသည့် လူထုလှုပ်ရှားမှုများ ထပ်မံ လုပ်ဆောင်သွားဦမည်ဟု ကိုဒီးဒီက ဆိုသည်။

    သို့ရာတွင် ဆန္ဒထုတ်ဖော်နေသော ကရင်နီလူငယ်များနှင့် ပြည်နယ်အစိုးရတို့ တွေ့ဆုံ ညှိနှိုင်းဖို့ သဘောတူလိုက်ပြီ ဖြစ်ကြောင်း ဆန္ဒပြတောင်းဆိုရာ၌ ဦးဆောင်ပါဝင်သူ ကိုခွန်သောမတ်က ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ပြောသည်။

    “နောက်ဆုံး အခြေအနေကတော့ အစိုးရနဲ့ ညှိနှိုင်းဖို့ သဘောတူထားတယ်၊ ဒီအတွက် ကျွန်တော်တို့ ထပ်ပြီး စောင့်ဆိုင်းနေတယ်၊ ညနေ ၃ နာရီမှာ တွေ့ကြမှာပါ ”ဟု ၎င်းက ဆိုသည်။

    အစိုးရနှင့် သွားရောက် ညှိနှိုင်း တွေ့ဆုံရာတွင် ဆန္ဒပြဦးဆောင်သူ သုံး ဦး၊ ရပ်မိရပ်ဖ ငါး ဦး၊ သတင်းမီဒီယာ ၂ ဦး ပါဝင်မည်ဟု၎င်းက ဆက်ပြောသည်။

    အလားတူ ကန့်ကွက်ဆန္ဒပြနေသော ကရင်နီလူငယ်များနှင့် ဒေသခံများကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ပစ်ခတ်မှုနှင့် ဒေသခံများ၏ သဘောဆန္ဒမပါဘဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခဲ့သည်ကို ကန့်ကွက်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များစုပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့ညနေပိုင်းက ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။


    Photo- ဗိုလ်ချုပ်ရုပ်တု ဆန္ဒပြသူများ(PKPF)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks