Wednesday, March 11, 2026
More
    spot_img
    Homeသတင်းတပ်နေရာချထားရေး အပစ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးသို့

    တပ်နေရာချထားရေး အပစ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးသို့

    -

    ဗညားအောင်

    NCA လက်မှတ်ရေးထိုးပြီးသော ကရင်အမျိုးသားအစည်းအရုံး KNU, သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့နှင့် တပ်မတော်အကြား တပ်နေရာချထားရေးအတွက် အကြေအလည်ဆွေးနွေးနိုင်ခြင်းမရှိဘဲ ပြည်နယ်/ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စဲရေး Bilateral အရင်စလိုလက်မှတ်ရေးထိုးခဲ့ခြင်း၏ နောက်ဆက်တွဲရလဒ်များကို ယခုအခါနှစ်ဖက်စလုံးကြုံတွေ့နေရပြီ ဖြစ်သည်။

    “KNU နှင့် အစိုးရကြား ပြုလုပ်ခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက်ဆွေးနွေးပွဲတွင် KNU ဘက်မှ နှစ်ဖက်ထိပ်တိုက်ထိတွေ့ရင်ဆိုင်မှုကိုရှောင်ရှားရန်အလို့ငှာ တပ်ပိုင်းဆိုင်ရာဆွေးနွေးမှုများပြုလုပ်နိုင်ရေးနှင့် ပတ်သက်သည့် အဆိုပြုလွှာကိုအစိုးရနှင့် တပ်မတော်အား ပေးအပ်ထားခဲ့ပြီး ထိုကိစ္စကိုဆွေးနွေးရန် သဘောတူခဲ့သော်လည်း ယခုချိန်ထိ နှစ်ဖက်တပ်တွေ့ဆုံနိုင်ခြင်း မရှိသေးပါ” ဟု မကြာခင်ရက်ပိုင်းက KNU မှ ထုတ်ပြန်ခဲ့သည်။

    ထို့အတူ မကြာသေးခင်က ထုတ်ပြန်သော RCSS ကြေညာချက်တွင်လည်း “၂၀၁၂ ခုနှစ် မေလတွင် ချုပ်ဆိုခဲ့သည့် ကျိုင်းတုံ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်တွင်ပါသည့် အောက်ပါအချက်များသည် သဘောတူညီချက်အကောင်အထည်ဖော်ရာတွင် အဓိကကျသောတစ်ဆို့မှုများ ဖြစ်သည်။

    (က) သဘောတူညီချက်များအပေါ် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ဗဟိုဌာနချုပ်နယ်မြေနှင့်ပတ်သက်၍ RCSS နှင့် တပ်မတော်အကြား နားလည်မှုကွဲပြားခြားနားခြင်း။
    (ခ) မုံးထတွင် လုံခြုံရေးတာဝန်ယူရန်အတွက် RCSS တပ်ဖွဲ့အင်အား ၆၀ ဦးသာ သတ်မှတ်ထားခြင်း။
    (ဂ) ဗဟိုဌာနချုပ်အတွက်ဆိုသည့် ကြိုတင်လျာထားသောနယ်မြေအား ယခုထက်တိုင် ကွင်းဆင်းလေ့လာမှု မပြုလုပ်နိုင်သေးခြင်း”

    အထက်ဖော်ပြပါအချက်များအရ KNU, RCSS တို့သည် ပြည်နယ်/ပြည်ထောင်စုအဆင့် Bilateral အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ စုစုပေါင်း လက်မှတ် ၃ ကြိမ်ရေးထိုး၍ အစိုးရနှင့် အခမ်းအနားကြီးများကျင်းပခဲ့သော်လည်း တပ်နေရာချထားရေးအတွက် နှစ်ဖက်ကြား အကြေအလည်ဆွေးနွေးနိုင်ခြင်းမရှိခဲ့သည်မှာ သိသာထင်ရှားနေပါသည်။

    ထိုသို့ တပ်တည်နေရာချထားမှု အတိအကျသတ်မှတ်ထားခြင်းမရှိ သူ့နေရာကိုယ့်နေရာ မရေမရာဖြစ်ပေါ်နေသည့်အနေအထားသည် အပစ်အခတ်ရပ်စဲရေး Ceasefire ၏ အခြေခံအဆင့်ကို ကျော်ဖြတ်ခဲ့ခြင်းမရှိသေးဟု ဆိုရပါမည်။

    ထို့ကြောင့် အထက်အမိန့်အရ လှုပ်ရှားလျက်ရှိသော နှစ်ဖက်အောက်ခြေတပ်ဖွဲ့များအကြား လှုပ်ရှားပွတ်တိုက်ထိတွေ့ကြရာမှ အချို့နေရာများတွင် ရင်ဆိုင်ပစ်ခတ်တိုက်ခိုက်မှုများအထိ ဖြစ်ပေါ်လာသည့်အတွက် နောက်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုပါ ထပ်မံရိုက်ခတ်လာပြီး လက်ရှိတွင် နှေးကွေးလာခဲ့ရသည်။

    သို့ရာတွင် နဝတ စစ်အစိုးရလက်ထက် ၁၉၈၉-၉၆ ခုနှစ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့နှင့် အပစ်ရပ်ဆွေးနွေးပွဲ သဘောတူညီချက်များတွင် တပ်နေရာချထားမှုနှင့် တပ်တည်ဧရိယာများ အဓိကသတ်မှတ်ပေးခဲ့သည့်ဖြစ်စဉ်များနှင့် ပြန်လည်ချိန်ထိုးကြည့်စေလိုသည်။

    အဆိုပါအဖွဲ့များထဲမှ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသော ရှမ်းပြည်နယ်အထူးဒေသ (၂) ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA, အထူးဒေသ(၄) မိုင်းလားအဖွဲ့ NDAA နှင့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့တို့ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်များတွင် ပြည်နယ်/ပြည်ထောင်စုအဆင့် Bilateral လက်မှတ်ရေးထိုးခဲ့စဉ် တပ်တည်ဧရိယာများ ပြန်လည်သတ်မှတ်ပေးခဲ့သည်ကို တွေ့ရှိရသည်။

    ဤနေရာတွင် NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် မွန်ပြည်သစ်ပါတီ NMSP နှင့် တပ်မတော်ဆက်ဆံရေးကို ဥပမာအားဖြင့် မီးမောင်းထိုးပြလိုပါသည်။

    ၂၀၁၀ ဝန်းကျင်ကာလအတွင်း နိုင်ငံရေး စစ်ရေးရေချိန် တင်းမာမှုများရှိခဲ့စဉ်က ပစ်ကြခတ်ကြလုနီးပါး အနေအထားရှိခဲ့သော်လည်း တပ်တည်ဧရိယာများကို ဘောင်မကျော်ခဲ့ကြသဖြင့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီအကြား ယနေ့အချိန်အထိ ထိတွေ့ပစ်ခတ်မှုများ မရှိခဲ့ကြသည်မှာ နဝတစစ်အစိုးရနှင့် နှုတ်ကတိအားဖြင့် အပစ်အခတ်ရပ်စဲရေးGentlemen Ceasefire Agreement သဘောတူခဲ့သည့် ၁၉၉၅ ခုနှစ်ကတည်းက ဖြစ်သည်။

    နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ၁၉၉၄-၉၅ ခုနှစ် တစ်နှစ်ခွဲခန့်ကာလအတွင်း ဆွေးနွေးပွဲ ၄ ကြိမ်တိတိကျင်းပခဲ့ရာတွင်လည်း တပ်နေရာချထားမှုကိုအဓိထား၍ နှစ်ဖက်ဗျူဟာမှူးများ အကြေအလည်ဆွေးနွေးပြီးမှ ခေါင်းဆောင်များ အပစ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်ကို တွေ့ရသည်။

    ထိုစဉ်က ငြိမ်းချမ်းရေးဆွေးနွေးကြသည်မှာ အပစ်ရပ်စဲရေးစကားပြောဆိုခြင်းသာဖြစ်ပြီး အပစ်ရပ်စဲရေးဆိုသည်မှာလည်းလိုက်နာရမည့်ကျင့်ဝတ် Code of Conduct အပါအဝင် တပ်နေရာချထားမှုကို အကြေအလည်ဆွေးနွေး၍ သဘောတူညီမှုရယူခဲ့ခြင်းပင် ဖြစ်သည်။

    လက်ရှိတွင် NCA လက်မှတ်ရေးထိုးခဲ့ပြီးသော်လည်း တပ်မတော်နှင့် အချို့ EAO အဖွဲ့အစည်းအကြား တပ်နေရာချထားရေးကို မဆွေးနွေးနိုင်သည့်အတွက် ယခုအခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့မတိုးနိုင်၊ တစ်ဆို့နေသည့်အပြင် ယုံကြည်မှုလည်းပျက်ပြားလုအခြေအနေသို့ ဆိုက်ရောက်နေသည်မှာ အားလုံးအသိပင်ဖြစ်သည်။

    ထို့အပြင် NCA အပေါ်နားလည်မှုလွဲမှားပြီး အကောင်အထည်ဖော်နေသည့်ကိစ္စတွေကို ဆွေးနွေးရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ နှစ်ဦးတို့က ပြီးခဲ့သည့် ဇန်နဝါရီလလယ်ပိုင်းမှာ စာရေးသားပေးပို့ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

    တချို့ KNU နှင့်သာ သက်ဆိုင်သော တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေကိစ္စရပ်များကို သီးသန့်တွေ့ဆုံစရာရှိပါက တွေ့ဆုံသွားမည့်အကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောလာသည်ကို ကြည့်ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲမှုကို အခြေခိုင်မာအောင် အောက်ခြေမှ ပြန်လည်တည်ဆောက်သွားမည့်သဘောကိုလည်း သုံးသပ်မိသည်။

    ဤနေရာတွင် တပ်မတော်၏သဘောထားအပေါ် အဓိက မူတည်နေသည်။ NCA လက်မှတ်မရေးထိုးသေးသဖြင့် မွန်ပြည်သစ်ပါတီ၏ တပ်တည်နေရာဂိတ် ၂ ခုကို လွန်ခဲ့သည့် ၂ နှစ်ခန့်က တပ်မတော်မှ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် NCA ရေးထိုးပြီးသော်လည်း အကြောင်းအမျိုးမျိုးပြကာပြန်လည်ပေးအပ်ခြင်းမရှိသည်မှာ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တပ်တည်ဧရိယာများ သတ်မှတ်ပေးမည့်ကိစ္စအပေါ် တပ်မတော်ဘက်မှ ဝန်လေးနေပုံရသည်။

    အချုပ်အားဖြင့် အပစ်အခတ်ရပ်စဲမှု Ceasefire အဆင့် အောင်မြင်ပြီးမြောက်မှသာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာဖြစ်သလို အောက်ခြေတပ်နေရာချထားရေး အခြေခိုင်မှလည်း အပစ်ရပ်စဲရေးခိုင်မြဲမည်ကို သတိပြုမိစေရန် တင်ပြလိုရင်း ဖြစ်ပါသည်။


    Picture-Internet

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks