spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် စိတ်ဝင်စားမှုကျဆင်းလာသည်ဟု မွန်ပါတီများသုံးသပ်

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် စိတ်ဝင်စားမှုကျဆင်းလာသည်ဟု မွန်ပါတီများသုံးသပ်

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် အစုအဖွဲ့အသီးသီး၏ ကိုယ်စားလှယ်များ စိတ်ဝင်စားမှုကျဆင်းလာသည်ကို အဓိကသုံးသပ်မိကြောင်း မော်လမြိုင်မြို့၌ ၂ ရက်တာကျင်းပခဲ့သည့် မွန်နိုင်ငံရေးပါတီများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ တက်ရောက်သူများက ဆိုသည်။

    မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယိတမက “ကျနော်တို့ မွန် ၂ ပါတီပဲပြောပြော မွန်ပါတီပဲဆိုဆိုပေါ့ ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ခဲ့တဲ့ အစုအဖွဲ့အားလုံးက ကိုယ်စားလှယ်တွေဟာ ညီလာခံအပေါ်မှာ စိတ်ဝင်စားမှုတွေ ကျဆင်းလာတယ်၊ အကြောင်းအရင်းကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွေးနွေးခွင့်မရှိတာကို သုံးသပ်ခဲ့ကြတယ်” ဟု ပြောသည်။

    မွန်နိုင်ငံရေးပါတီများ၏ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ တက်ရောက်သူများ(MUC)

    ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် မတိုးတက်နိုင်သည်မှာလည်း တိုင်းရင်းသားတို့၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပတ်သက်၍ ဆွေးနွေးခွင့်မရရှိခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကထောက်ပြသည်။

    “နောက်ပြီး ငြိမ်းချမ်းရေးညီလာခံမှာ အားလုံးပါဝင်မှုမရှိသေးတဲ့အတွက် အနာဂတ်နိုင်ငံတော် အခြေခံမူတွေ ချမှတ်တဲ့နေရာမှာ ဟာကွက်တွေ ကွက်လပ်တွေဖြစ်နေတယ်၊ နောက်တစ်ချက်က နိုင်ငံရေးဆွေးနွေးမှုမူဘောင် Frame Work အတည်တကျမရှိသေးတဲ့အတွက် ညီလာခံတစ်ခု ပုံစံတစ်မျိုးစီနဲ့ ဆွေးနွေးနေရတယ်” ဟု ဆိုသည်။

    အဆိုပါ (၂၁) ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲကို မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမ၌ သြဂုတ်(၃၁) နှင့် စက်တင်ဘာ(၁) ရက်နေ့တွင် ကျင်းပခဲ့ရာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့မှ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) တက်ရောက်ခဲ့သူများနှင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်ခဲ့သူများ စုစုပေါင်း ၁၇၀ ဦးခန့်တို့ တက်ရောက်ဆွေးနွေးသုံးသပ်ခဲ့ခြင်း ဖြစ်သည်။

    အလားတူ မွန်အရပ်ဘက်အဖွဲ့အစည်းများ၏ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(တတိယအစည်းအဝေး) ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ” ကိုလည်း မော်လမြို့မြို့ရှိ ရာမညဟိုတယ်၌ စက်တင်ဘာ ၁-၂ ရက်များတွင် ကျင်းပလျက်ရှိကြောင်း တက်ရောက်သူများမှ သိရသည်။

    မွန်အရပ်ဖက်အဖွဲ့အစည်းများခေါင်းဆောင် မင်းအောင်ထူးက “ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာက အားလုံးသိကြတဲ့အတိုင်းပဲ သဘောတူညီချက် ၁၄ ချက်ပဲရှိတဲ့အတွက် ကျနော်တို့ မွန်တွေစုစည်းထားတဲ့အချက်အလက်တွေ ပါဝင်မှုရာနှုန်းတော်တော်နည်းတာကို သုံးသပ်ရတယ်၊ မနက်ဖန်အစီအစဉ်မှာတော့ လက်ရှိသွားနေတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင် Frame Work ရော သွားနေတဲ့အခင်းအကျင်း UPDJC အတွင်းရေးမှူးအဖွဲ့နဲ့ လုပ်ငန်းအဖွဲ့တွေမှာ သွားနေတဲ့ပုံစံနဲ့ဆိုရင် ဘယ်လိုမျိုး အပြောင်းအလဲတွေလုပ်မှ အဆင်ပြေမလဲ ဆက်ပြီးသုံးသပ်ဖို့ရှိတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်မေလအတွင်း ရေးမြို့၌ ကျင်းပခဲ့သည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ မည်သည့်အချက်အလက်များက (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) တွင် ပါဝင်ခဲ့သည်ကို ပထမရက်နေ့တွင် ဆွေးနွေးသုံးသပ်ခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။

    အလားတူ နေပြည်တော် NRPC ရုံး၌ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စားပွဲဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts