Thursday, March 12, 2026
More
    spot_img
    Homeသတင်းအားလုံးပေါင်းစည်းရေးသဘောတူညီသဖြင့် မွန်ကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်ဟု ဆို

    အားလုံးပေါင်းစည်းရေးသဘောတူညီသဖြင့် မွန်ကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်ဟု ဆို

    -

    မွန်နိုင်ငံရေးအင်အားစုအားလုံးပေါင်းစည်းရေး တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်ရရှိသဖြင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးအဖွဲ့အနေဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်မည်မဟုတ်ကြောင်း အဖွဲ့ခေါင်းဆောင် နိုင်တလညီက ပြောကြားလိုက်သည်။

    နိုင်တလညီက “မွန်အမျိုးသားကိုယ်စားပါတီဖော်ဆောင်ရေးကော်မတီအနေနဲ့ အဓိက ရည်ရွယ်တာက မွန်မှာ တစ်ပါတီဖြစ်ရေးကိုပဲလေ။ ဒီနေ့မှာတော့ ပူးပေါင်းသွားဖို့ သဘောတူညီချက်ရရှိသွားပြီဆိုတော့ Register ကိစ္စက မရှိတော့ပါဘူး” ဟု ဆိုသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP နှစ်ပါတီပူးပေါင်းအဖွဲ့နှင့် မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေး ၂၁ ဦးအဖွဲ့တို့ သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာဟိုတယ်၌ တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြပြီးနောက် သတင်းစာရှင်းလင်း၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    မွန်တစ်ပါတီဖြစ်ရေး တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် (MNA)

    သို့ရာတွင် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေး ၂၁ ဦးအဖွဲ့အနေဖြင့် မွန်နိုင်ငံရေးအင်အားစုအားလုံးပေါင်းစည်းရေး ၂ လအတွင်း မွန်နှစ်ပါတီမှ တိကျသောအဖြေမရရှိလျှင် ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ရန် သြဂုတ်လ ၅ ရက်တွင် ပြုလုပ်သော ၎င်းတို့၏ အစည်းအဝေးတွင် ဆုံးဖြတ်ထားသည်ဟု သိရသည်။

    မွန်နှစ်ပါတီပူးပေါင်းရေးအဖွဲ့အနေဖြင့် ပါတီအသစ် ပြင်ပနိုင်ငံရေးအင်အားစုများ ၎င်းတို့ပါတီသစ်တွင် ပါဝင်နိုင်ရေး ဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိပြီး ပါတီတာဝန်ခွဲဝေမှုတွင်လည်း ပြင်ပအင်အားစုများ ပါဝင်လာမည်ဟု မွန်နှစ်ပါတီအဖွဲ့မှ နိုင်လယီတမက ဆိုသည်။

    နိုင်လယီတမက “ကျွန်တော်တို့ နှစ်ပါတီနဲ့ ပြင်ပါအင်အားစုလို့ပဲပြောပြော ၂၁ ဦးအဖွဲ့နဲ့ ဒီနေ့ရရှိတဲ့ သဘောတူညီချက်နဲ့ ဒီသုံးဖွဲ့က တစ်ခုတည်းဖြစ်သွားပြီလို့ ဆိုလို့ရတယ်” ဟု ပြောသည်။

    သို့ရာတွင် တာဝန်ခွဲဝေရေးအပိုင်းတွင် ပြင်ပအင်အားစုတို့၏ ပါဝင်နိုင်မှု အရေအတွက်တို့ကို တိတိကျကျ မပြောနိုင်သေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါဆွေးနွေးပွဲကို မွန်နှစ်ပါတီပူးပေါင်းအဖွဲ့မှ နိုင်ကျန်ရစ်၊ နိုင်လယီတမတို့ ဦးဆောင်သော (၅) ဦးအဖွဲ့နှင့် မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးအဖွဲ့မှ နိုင်တလညီ၊ နိုင်ရဲဇော်တို့ ဦးဆောင်သော ကိုယ်စားလှယ် (၆) ဦး တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ၎င်းဆွေးနွေးပွဲတွင် ပေါင်းစည်းမှုနှင့် မွန်တစ်ပါတီဖြစ်မြောက်ရေး၊ အဆင့်အလိုက်ပါဝင်မှု အရေအတွက်၊ ပါတီအမည် ၁၃ ခုထဲမှ ၁ ခုကိုရွေးချယ်အတည်ပြုရန်၊ ကျန်အင်အားစုများပါဝင်လာရေးနှင့် ကျန်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားရန် စသည့် အချက် ၅ ချက်သဘောတူမှုရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks