အုတ်တံတိုင်းမြင့်မြင့် သံဆူးကြိုးအထပ်ထပ် ကာရန်ထားသည့် မြေကွက်လပ်လေးထဲ လမ်းပေါ်က ပက်ထရွမ်ကို ကျွန်တော် လိုက်ရှာနေမိသည်။ သက်ဝင်လှုပ်ရှားနေသော နိစ္စဓူဝမြင်ကွင်းများသည် ကျွန်တော့်အတွက် ရိုးအီသွားခြင်းမရှိ။
အထက်အောက် အပြာရောင်တူညီဝတ်စုံများ ဝတ်ဆင်ထားသော အိမ်ဝေးငှက်များ။ နွမ်းလျသည့်မျက်နှာ၊ အားအင်ဆုတ်ယုတ်နေသည့်ခြေလှမ်း၊ အိပ်တန်းဆီမပျံနိုင်သေးသည့် လှောင်အိမ်ထဲကငှက်များ။ ထိုကြောင့် လှောင်အိမ်ထဲက ငှက်တစ်ထောင်၏ မွန်းကြပ်မှုကာရန်ကို ကျွန်တော် ဖမ်းဆုပ်နားထောင်မိခဲ့သည်။
လှောင်အိမ်ထဲက အကျဉ်းစံများသည် အမှန်စင်စစ် စိတ်ဒဏ်ရာရနေသူများပင် ဖြစ်သည်။ ရပ်တည်ချက် ယိုင်လဲပြိုမကျအောင် ကြိုးစားရုန်းထနေသူများ ဖြစ်သည်။ ရောင်နီ နံနက်ခင်းသစ်သည် ပြစ်ပြစ်နှစ်နှစ် ဆဲဆိုသံများဖြင့် နေ့သစ်ကန့်လန့်ကာကို စဖွင့်သည်။ မြင်ကွင်းများက အမှောင်နှင့်အလင်း ပိုင်းခြားထားသည့်နေရာ။ မရေရာသည့်မနက်ဖြန်ကို ထုဆစ်ရင်း မငြိမ်းချမ်းသေးသောဘဝများ။ မျှော်လင့်ချက်မျက်ဝန်းဖြင့် အိမ်ပြန်ချိန်ကို စောင့်မျှော်ရင်း တန်ပြန်ပေးဆပ်နေရသည့် လူ့လောကငရဲ။ မစည်ကားသင့်သည့်အရပ်တွင် စည်ကားနေခြင်းသည် အတိတ်ဘဝ၏ ကံအကြောင်းတရားများမဟုတ်ပါ။ အမှားတစ်ခုနှင့်ထိုက်တန်သည့် တန်ပြန်သက်ရောက်မှုပြစ်ဒဏ် ခံစားနေရခြင်းသာဖြစ်သည်။ ထိုက်တန်သည်ဖြစ်စေ၊ မတရားပြုခံရသည်ဖြစ်စေ အမှောင်ညထဲ တိုးဝင်ရောက်ရှိပြီး ဖြစ်သည်။
အလင်းတံခါးပိတ်ချိန်ရောက်တိုင်း ညှိုးငယ်သွားသည့် မျက်နှာများ။ သံခြေကျင်းသံ၊ အုတ်တံတိုင်းမြင့်မြင့်နှင့် သံဆူးကြိုးအထပ်ထပ်ကြားမှ အကျဉ်းသားများ။ အချိန်မှန်ရောက်လာသည့် သံချောင်းခေါက်သံများ။ “ဝေနေယျ သတ္တဝါအပေါင်း ဘေးကင်းကြပါစေ ” ဆုတောင်းပေးမည့်သူ မရှိသောနေရာ။
အမှားတစ်ခုနှင့် ထိုက်တန်သည့် တန်ပြန်ပေးဆပ်မှုပြစ်ဒဏ် ခံရသည့်နေရာ။ အကျဉ်းထောင်။ ထိုသူများအားလုံးသည် မှောင်နေဆဲညအောက်မှ လူသားများပင်ဖြစ်သည်။ တစ်ကိုယ်စာလွတ်လပ်မှု ဆုံးရှုံးနေသည့် လူသားများပင်ဖြစ်သည်။
အကျဉ်းသားတစ်ယောက် အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ဘဝသစ်ပြန်စဖို့အတွက် ရှင်သန်လာသည့် မျှော်လင့်ချက်ရောင်ခြည်များ။ အသက်ရှင်သန်ခြင်းကို ဆွဲဆန့်ဖို့ရန်အတွက် ဆေးရုံပေါ်ရောက်လာသည့် လူနာတစ်ယောက်။ ရောဂါပျောက်ကင်းသက်သာ၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရသော ရှင်သန်ခြင်းမျက်ဝန်းများ။ မှောင်မိုက်သည့် လမိုက်ညထဲ ပိုးစုန်းကြူးအလင်းကို ဖက်တွယ်နေရသော လမ်းပျောက်နေသည့်လူသား။ ကန္တာရအလယ် ခြေကုန်လက်ပန်းကျနေသူ တစ်ယောက်အတွက် အိုအေစစ်။ လွတ်လပ်ခြင်းနှင့်အတူ ခေတ္တငြိမ်းချမ်းမှုကို ဖမ်းဆုပ်ဖို့ရန်အတွက် ကဗျာဆရာ ဇေယျာတိုး၏ “လမ်းပေါ်ကပက်ထရွမ်” ကဗျာစုစည်းမှုစာအုပ်ထဲမှ ” လူ အကျဉ်းသား လူနာ ” ကဗျာကို ပထမဦးစွာ ခံစားကြည့်စေလိုပါသည်။
“လူ အကျဉ်းသား လူနာ”
လူများ
ငါကြုံတွေ့တဲ့ ကြုံနေတဲ့
ကြုံရဦးမယ့် လူများ
မကြားချင်ချင် ကြားချင်ချင်
မမြင်ချင်ချင် မြင်ချင်ချင်
မြင်နေကျမြင်ကွင်းများ
ခြေကျင်းတွေ သံဆူးကြိုးတွေ
အုတ်တံတိုင်းမြင့်မြင့်တွေ
လူကို လူလို့ မမြင်ကြသူတွေနဲ့
လူဟာ လူပါပဲလို့ မြင်သူတချို့
ငါမြင်တွေ့တဲ့သူတိုင်း အကျဉ်းသား
ငါတွေ့တဲ့လူတိုင်း လူနာ
သူတို့ ဘာလို့
သူတို့ ဘာကြောင့်
နေပူပူ မိုးရွာရွာ နှင်းကျကျ
ဆေးခန်းအတွင်းမှ ငါမြင်နေရ
ငါ့လူတွေနဲ့ ငါ့လူနာများ
အတ္တနည်းကြပါစေလို့သာ ။ ။
လူသားတိုင်း လူသားဆန်သည့်အခွင့်အရေးများ ခံစားခွင့်ရှိသည်။ ထိုအတူ လူတိုင်းသည် လွတ်လပ်မှုအရသာကို ခုံမင်ကြသည်။ ဘောင်ခတ်နေထိုင်ရမှုကို ကြိုက်နှစ်သက်ခြင်း မရှိကြ။ အကျဉ်းသားများသည် ပြင်ပမှ လတ်ဆတ်သောလေကို ပိုမိုရှူရှိုက်ချင်ကြသည်။ လှောင်ပိတ်နေသည့် ဝပ်ကျင်းထဲ စက်ရုပ်လူသားဆန်ဆန် အသုံးတော်ခံနေရသော်လည်း သူတို့သည် လူသားများပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုရသော် သူတို့သည် လူနာများပင်ဖြစ်သည်။ လူသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သော အသက်ရှင်သန်ဖို့ လွတ်လပ်စွာ ဆေးကုသခွင့်ရှိသည်။ မိမိသက်ဝင်ယုံကြည်သော ဘာသာတရားကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။
လူသားတစ်ယောက်သည် လူသားဆန်သော အခွင့်အရေးများ အများနည်းတူ အားလုံးပြီးပြည့်စုံစွာ ခံစားနိုင်ရမည်ဖြစ်သည်။
ယနေ့ချိန်ထိ ဌာနဆိုင်ရာများတွင် မပြောင်းနိုင်သေးသည့် အဟောင်းသံသရာထဲ တဝဲဝဲလည်လျက်။ “လူကြီးအထက်တွင် လူကြီးကတော်ရှိတယ်” ဟူသောစကားသည် မှန်နေဆဲ။ လူကြီးကတော်လာသည့်နေ့သည် သစ်ပင် ပင်စည်များတွင် ထုံးဖြူဖြူတွေ။ အုတ်တံတိုင်းနံရံများတွင် တဖန်သစ်လွင်လာသည့် ထုံးဖြူဖြူတွေ။ ရုံးအဝင်လမ်း၊ ဌာနဝင်းတစ်ခုလုံး အလံတလွင့်လွင့်နှင့် တောက်ပြောင်နေလျှက်ပေါ့။ မျက်နှာကိုယ်စီ အပြုံးတုတပ်ထားလျှက် “ပင်ပန်းလိုက်တာ” ဟု ညည်းမည့်သူတစ်ယောက်မှမရှိ။
မိမိနေရာတည်မြဲဖို့ မျက်နှာလုပ် အောက်ကျို့နေသူချည်းပင်။ လူကြီးဆိုသူထက် လူကြီးကတော်ကို ပိုမိုကြောက်ရွံ့နေရဆဲ။ ပိုမိုအလေးထားကြသည်။ မပြောင်းနိုင်သေးသည့် လမ်းဟောင်းလေးထဲမှ ကဗျာဆရာဇေယျာတိုး၏ ” လမ်းပေါ်ကပက်တရွမ် ” ကဗျာစုစည်းမှုထဲမှ ” လူကြီးကတော်လာတဲ့နေ့ ” ကဗျာကို ခံစားနိုင်ရန် ထပ်မံဆွဲထုတ်မိပါသည်။
“လူကြီးကတော် လာတဲ့နေ့”
လူကြီးကတော်လာတဲ့နေ့က
မိတ်ကပ်လိမ်းထားတဲ့ ငါတို့ဌာန
ထုံးတဖွေးဖွေး အလင်းတလွင့်လွင့်နဲ့ပေါ့
လူကြီးကတော်လာတဲ့နေ့က
ထမင်းတစ်နပ်လျော့စားသူနဲ့
ဆွမ်းတော်မတင်လိုက်ရသူနဲ့
ကလေးကျောင်းကြိုနောက်ကျသူနဲ့
ရေမွှေးနံ့တထောင်ထောင်နဲ့ပါးပြောင်သူကပြောင်
ကြံစုပ်သူကစုပ်
ယင်တွေအုံလိုက်တာမြင်မကောင်း
လူကြီးကတော်လာတဲ့နေ့က
မျက်နှာမှာအပြံုးတုတွေပျားရည်ဖုံးလို့
နှုတ်မှာတကာ စိတ်မှာတမာလို
လူကြီးကတော်လာတဲ့နေ့က
antibiotic သုံးကြိမ်
အပေါ့သွားတာ သုံးကြိမ်
ဦးသုံးကြိမ် မချဖြစ်ပဲအိပ်မိ
လူကြီးကတော်လာတဲ့နေ့ကပေါ့
ဘယ်ဝန်ထမ်းမှပင်ပန်းတယ်မပြော
လေဖြူ ရဲ့ ကျိန်စာ သီချင်းကို
နားကြပ်ကလေးတပ်လို့
တိတ်တိတ်ကလေးနားထောင်နေကြလေရဲ့။
ကဗျာဆရာသည် အကျဉ်းထောင်တွင် တွဲဖက်တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် သူ့ကဗျာထဲတွင် အကျဉ်းထောင်နှင့်ပတ်သတ်သည့် ခံစားချက်အများအပြားလည်း တွေ့မြင်နေရသည်။ ထိုပြင် အပြင်လောကနှင့် အကျဉ်းထောင် ကွာဟမှုကြီးမားပုံကိုလည်း အပြင်လောကမှ လူသားများနားလည်အောင် ရိုးရိုးလေးဖြင့်ဖွဲ့ဆိုပြထားပါသေးသည်။ လူတိုင်းသည် အနည်းနှင့်အများ ဖိအားကိုယ်စီ ဝေဒနာကိုထမ်းပိုးထားကြသည်။ အများစုမှာ မကောင်းမှုနှင့်စီးပွားရှာရန် ဖြတ်လမ်းနည်းဖြင့် ကြိုးစားနေသူချည်းပင်။ ကြိုးတန်းပေါ်လမ်းလျှောက်နေသူများဖြစ်သည်။
အကျဉ်းထောင်နှင့်ပတ်သက်ပြီး ကော်ဖီသောက်ရင်း ပြင်ပသူငယ်ချင်းများအား ရှင်းပြတတ်သည်။ စီးကရက်ဖွာရင်း စိမ့်ပြေနပြေ ပြောပြတတ်သည်။ ဆက်စပ်ပြီး ရာထူးဂုဏ်ဒြပ်နှင့် စစ်ပွဲများအကြောင်း၊ ပုဒ်မများအကြောင်း၊ ၂၁ ရာစုထဲ တိုးတက်ထွန်းကားလာသည့် စက်မှုတွေအကြောင်းပေါ့။ ထိုအပြင် ဘုရားဟောတရားထဲမှ ငါးပါးသီလလုံရုံဖြင့် အကျဉ်းထောင်တံခါး ပိတ်သွားမည့်အကြောင်း အပြင်လောကလူသားများသိရှိရန်လည်း လိုအပ်ကြောင်းကို ကဗျာဆရာ၏ ” ဝေဒနာ ” ဆိုသည့် ကဗျာကိုခံစားနိုင်ရန် တင်ပြလိုက်ပါသည်။
“ဝေဒနာ”
ခါးအလယ်နားက အောင့်အောင့်လာ
ခေါင်းအုံးစွပ်မလျော်ရသေးတာ သုံးပတ်
မအိပ်ရတဲ့ညက သုံးရက်တစ်ခါ
မျိုးဆက်ပြဿနာကို
ကြီးပြင်းရာဒေသနဲ့
ပေါင်းသင်းရာမိတ်ဆွေနဲ့
ကျင်လည်ရာရပ်ဝန်းနဲ့
ရေသောက်ရင်း ရှင်းပြ ရှင်းပြနေရင်းက ရေငတ်လာ
ကဖိန်းဓာတ် နည်းနည်း
နီကိုတင်းဓာတ် နည်းနည်း
အော်ဂဲနစ်ဓာတ်နည်းနည်းနဲ့ ဆက်ပြောမိတယ်
ရာထူးဂုဏ်ဒြပ်နဲ့တိုင်းတာတဲ့ ပေတံအကြောင်း
ပုဒ်မတွေနဲ့ သင်္ချာဘာသာအကြောင်း
စစ်ပွဲတွေနဲ့ ဘာသာရေးအကြောင်း
သက္ကရာဇ်တွေနဲ့ နိုင်ငံတော်အကြောင်း
လူနဲ့ စက်နဲ့ တန်ဖိုးကွာဟမှုအကြောင်း
များစွာပေါ့
လိုရင်းကတော့
ငါးပါးသီလလုံရင်
ထောင်တံခါးတွေပိတ်တဲ့အကြောင်း
သူတို့ယုံဖို့ပါ။
ကဗျာဆရာသည် မတူညီသည့်ဝန်းကျင်ထဲ ဝေဒနာကိုထမ်းပိုးရင်း လွတ်လပ်သည့်အရသာနှင့်အတူ မိုင်သုံးဆယ်ခရီးကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ပါလျက် သူနှင့် မသက်ဆိုင်သည့်ဝန်းကျင်တွင် ကျင်လည်ခဲ့ရသည်။ အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဂစ်တာတီးသည်။ တယောထိုးသည်။ ကဗျာရေးသည်။ အနုပညာကို အသွေးအသားထဲမှ ချစ်မြတ်နိုး တန်ဖိုးထားသည်။ မြန်မာနိုင်ငံ၏ ပြယုဂ်ဖြစ်သည့် ကြိုးစင်ပေါ်က ဧရာဝတီမြစ်ကြီးကို တန်ဖိုးထားသည်။ မန္တလေးမြို့ကြီးကိုချစ်သည်။ ရောသမမွှေပုံသွင်းခံနေရသည့် ဧရာဝတီမြစ်ကြီးနှင့် မန္တလေးမြို့ကြီးတို့ အပြံုးတုတပ် ဖဲကြိုးဖြတ် လိုသလိုပိုင်းဖြတ်ခံနေရသည့်အဖြစ်ကို ကဗျာစာအုပ်ခေါင်းစီးဖြစ်သည့် “လမ်းပေါ်ကပက်ထရွမ်”ဆိုသည့်ကဗျာကို နောက်ဆုံးတင်ပြလိုက်ပါသည်။
“လမ်းပေါ်က ပက်ထရွမ်”
လမ်းပေါ်က ပက်ထရွမ်ဟာ
ဆိုင်ကယ်စီးထွက်ခဲ့တယ်
မိုင်သုံးဆယ်ခရီးကို
တစ်နေရာမှမနားပဲမောင်းနှင်ခဲ့
တစ်ယောက်တည်း—–
လက်ဖက်ရည်သောက်သွားပါတယ်လို့
ပထမ အမေ့ကိုညာ
ဒုတိယ ဒေါက်တာခင်မိုးအေးကိုညာ
ဆိုင်ကယ်လေတိုးလို့ မျက်ရည်ကျတာပါလို့
ကိုယ့်ကိုကိုယ်လည်းညာမိတယ်
လမ်းပေါ်ကပက်ထရွမ်ဟာ
စပိန်စကားမပြောတတ်ဘူး
ပြင်သစ်စာမဖတ်တတ်ဘူး
ဒါပေမဲ့
စပိန်နဲ့ပြင်သစ်ရဲ့ ဘောလုံးအသင်းတွေကို
ထဲထဲဝင်ဝင်သိတယ်
လမ်းပေါ်ကပက်ထရွမ်ဟာ
ကျန်းမာရေးဝန်ထမ်းဖြစ်ပါလျက်နဲ့
လက်သည်းရှည်တွေထားလိုထား
တယောဘိုးတံနဲ့
ဂစ်တာကြိုးပေါ်ကစားလိုကစား
ရူးသွပ်ပုံ—–
လမ်းပေါ်ကပက်ထရွမ်ဟာ
ဧရာဝတီကိုချစ်ပါတယ်
မန္တလေးကိုချစ်ပါတယ်
အခြေအနေအရ
ဧရာဝတီနဲ့မန္တလေးရဲ့မင်္ဂလာပွဲကို
မသွားဖို့ဆုံးဖြတ်ထားလိုက်တယ်။
လှောင်အိမ်ထဲကငှက်တစ်ကောင်၏ တစ်ကိုယ်ရည်မွန်းကြပ်မှုကို ကျွန်တော် ထပ်တူခံစားမိပါသည်။ အကျဉ်းကျနေသည့် အကျဉ်းသားတစ်ယောက် အကျဉ်းထောင်မှ လွတ်မြောက်သွားသည့် လွတ်လပ်ပျော်ရွှင်မှုကိုလည်း ကျွန်တော် လက်တွေ့ဖမ်းဆုပ်မိပါသည်။ ရှင်သန်ဖို့အတွက် နောက်ဆုံးအခြေအနေထိ အသက်ကိုဆွဲဆန့်ရန် ဆေးရုံပေါ်တက်ရောက်ကုသရသည့် လူနာ။ ရောဂါပျောက်ကင်းသက်သာသွားပြီး ဆေးရုံခွင့်ရသွားသည့်လူနာ၏ ပျော်ရွှင်ခြင်းကိုလည်း ကျွန်တော် ဖမ်းဆုပ်မိပါသည်။ ထပ်တူညီသော ခံစားချက်နှင့် လမ်းပေါ်ကပက်ထရွမ်။ လွတ်လပ်မှုကိုခုံမင်သော လမ်းပေါ်ကပက်ထရွမ်။ အနုပညာကိုချစ်မြတ်နိုးသော လမ်းပေါ်ကပက်ထရွမ်။ လှောင်အိမ်ထဲက ငှက်တစ်ကောင်၏ တစ်ကိုယ်ရည် မွန်းကြပ်မှုများထဲမှ လမ်းပေါ်ကပက်ထရွမ်။ ကိုယ်ချင်းစာတရား ရောနှောပါဝင်နေသည့် လမ်းပေါ်ကပက်ထရွမ်ကို ကျွန်တော် တွေ့မြင်လိုက်ရသည်။
ရာမညမင်းငြိမ်းချမ်း
3-8-2018(Fri)