spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်း၆ ကြိမ်မြောက်မွန်လူငယ်များနေ့တွင် မွန်နိုင်ငံရေးပါတီများကို ဖိတ်ကြားမည်မဟုတ်ဟုဆို

    ၆ ကြိမ်မြောက်မွန်လူငယ်များနေ့တွင် မွန်နိုင်ငံရေးပါတီများကို ဖိတ်ကြားမည်မဟုတ်ဟုဆို

    -

    ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် ၆ ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကို ဘီလူးကျွန်း-ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင်ကျင်းပမည်ဖြစ်ရာရွေးကောက်ပွဲဝင်မွန်နိုင်ငံရေးပါတီများအား ဖိတ်ကြားမည်မဟုတ်ကြောင်း မွန်လူငယ်ခေါင်းဆောင် မင်းဇာနည်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မင်းဇာနည်ဦးက “ပြည်တွင်းက ရွေးကောက်ပွဲဝင်တဲ့ပါတီတွေကိုတော့ ဖိတ်ကြားမယ့်အစီအစဉ်မရှိပါဘူး၊ အထူးသဖြင့် မွန်တွေမှာ ၂ ပါတီ ၃ ပါတီဖြစ်နေတယ်၊ အထူးသဖြင့် မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို မဖိတ်ပါဘူး” ဟု ပြောသည်။

    ၆ ကြိမ်မြောက်မွန်လူငယ်များနေ့ ပိုစတာ(Copy)
    မွန်ပါတီပေါင်းစည်းညီညွတ်ရေးအဖွဲ့မှ သံဃာတော်တစ်ပါးက သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် မွန်ရဟန်းပျိုအဖွဲ့၊ မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ မွန်အမျိုးသမီးအဖွဲ့၊ မျိုးချစ်မွန်စီးပွားရေးလုပ်ငန်းရှင်အချို့၊ မွန်နိုင်ငံရေးသမားအချို့ စုစုပေါင်း ၉ ဦးလျာထားပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မွန်လူငယ်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။

    “လူငယ်တွေကို လူမှုကွန်ယက်အင်တာနက်စာမျက်နှာတွေ Online တွေ၊ ကြေညာပိုစတာတွေကတဆင့် ဖိတ်ကြားထားပါတယ်၊ အရင်နှစ်တွေကလုပ်ရိုးလုပ်စဉ်အတိုင်းပဲ သီးသန့်ဖိတ်စာပေးဖို့မလိုပါဘူး၊ သူတို့အသိစိတ်ဓါတ်နဲ့သူတို့တက်ရောက်မှာပါ၊ ဒီနှစ်မှာတော့ လူငယ်ဘင်ခရာအဖွဲ့ ၂၀ လောက်တက်ရောက်ဖို့ ကျနော်တို့ကို ဆက်သွယ်ထားပါတယ်” ဟု မင်းဇာနည်ဦးက ဆက်ပြောသည်။

    မွန်လူငယ်များနေ့အခန်းအနားတွင် ဘီလူးကျွန်းသမိုင်းပြခန်း၊ ဒေသထွက်ကုန်ပြခန်း၊ မူးယစ်ဆေးဝါးအန္တရယ် ပညာပေးပြခန်း၊ စက်မှုလက်မှုပြခန်းများကိုလည်းထားရှိမည့်အပြင် အကြိုညပိုင်းတွင် မြို့နယ်အလိုက် လူငယ်များ၏ စကားရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိအစီအစဉ်၊ မူးယစ်ဆေးဝါးအန္တရယ်တားဆီးရေး ပြဇာတ်နှင့် တေးဂီတအစီအစဉ်များ၊ နောက်တစ်နေ့နံနက်ပိုင်းတွင် လူငယ်များနေ့အခမ်းအနားသို့ ဘင်ခရာဖြင့်ချီတက်အလေးပြုခြင်းနှင့် သြဝါဒစကားဟောပြောမြွက်ကြားမည့် အစီအစဉ်များပါဝင်သည်ဟု သိရသည်။

    “မွန်ပါတီတွေမဖိတ်ကြားတာကတော့ မွန်ပါတီတွေအများကြီးဖြစ်နေတာကို လူငယ်တွေလက်မခံနိုင်ဘူးဆိုတာ ဖော်ပြချင်လို့ ထင်ပါတယ်၊ မွန်ပါတီတွေတစ်ပါတီထက်မကဖြစ်နေရင် အသိအမှတ်မပြုဘူးဆိုတာကို လူငယ်အဖွဲ့တွေ ပြောဆိုခဲ့တာရှိပါတယ်၊ အဲဒီအပေါ်အခြေခံပြီးတော့ မဖိတ်ကြားတာလို့ ကျနော်ယူဆတယ်” ဟု မွန်နိုင်ငံရေးလေ့လာသူ နိုင်ရဲဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်လူငယ်များနေ့သတ်မှတ်ကျင်းပရခြင်းမှာ ၁၉၄၆ ခုနှစ် လွတ်လပ်ရေးအကြိုကာလ၌ ခေတ်သစ်မွန်လူငယ်များ၏ အမျိုးသားရေးကြိုးပမ်းမှုသမိုင်းတွင် တစိုက်မတ်မတ်ပါဝင်လှုပ်ရှားခဲ့ပြီး လက်ရှိတွင်အသက်ထင်ရှားကျန်ရှိနေသည့် မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်းနှင့် ခေါင်းဆောင်ကြီးများအားဂါရဝပြုရန်၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိမွန်လူငယ်များနှင့် နိုင်ငံတကာရောက်မွန်လူငယ်များအနေဖြင့် အမျိုးသားရေးကိစ္စရပ်များတွင် တစ်စုတစ်စည်းတည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ မွန်လူငယ်များနေ့တွင် လူငယ်တို့၏အသံနှင့် ချိတ်ဆက်မှု Network များပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည်ဟု သိရသည်။

    ပထမအကြိမ် မွန်လူငယ်များနေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၌ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ရေးမြို့နယ် မော့ကနင်ကျေးရွာ၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနှင့် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာတို့ နှစ်အစဉ်လိုက်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts