Thursday, March 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးစေတီတော် သန့်ရှင်းလှပရေး မွန်အစိုးရစနစ်တကျဆောင်ရွက်ရန်အဆို လွှတ်တော်အတည်ပြု

    ကျိုက်ထီးရိုးစေတီတော် သန့်ရှင်းလှပရေး မွန်အစိုးရစနစ်တကျဆောင်ရွက်ရန်အဆို လွှတ်တော်အတည်ပြု

    -

    ကျိုက်ထီးရိုးစေတီတော်၏ ရင်ပြင်တော်နှင့် ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်းအဆိုကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်အတည်ပြုကြောင်း သိရသည်။

    ယင်းအဆိုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ တင်သွင်းခဲ့ပြီး ယနေ့လွှတ်တော်အစည်းအဝေးတွင် အစိုးရအဖွဲ့ဝန်ကြီး ၂ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့ ထောက်ခံဆွေးနွေး အတည်ပြုခြင်း ဖြစ်သည်။

    ကျိုက်ထီးရိုးစေတီတော်(Internet)
    ဒေါက်တာအောင်နိုင်ဦးက “ဒီအဆိုရဲ့အနှစ်သာရက လက်ရှိ ဘုရားရင်ပြင်တော် အနီးပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်တွေ ကင်းစင်ပပျောက်ရေးဆိုတဲ့ အပိုင်းမှာ လက်ရှိ တာဝန်ယူဆောင်နေတဲ့ ဂေါပကအဖွဲ့ တစ်ဖွဲ့တည်းအနေနဲ့ ရင်ဆိုင်ဖြေရှင်းတဲ့အခြေအနေ အားနည်းနေတဲ့အတွက် ပြည်နယ်အစိုးရကနေ ပါဝင်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

    လက်ရှိ ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ အမှိုက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုအားနည်းနေရသည်မှာ အသုံးပြုရန် ငွေကြေးရှိသော်လည်း လုပ်ဆောင်ရန် နည်းစနစ်မသိသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ စည်ပင် (သို့) သစ်တော စသော ဋ္ဌာနတို့မှ ကျွမ်းကျင်သည့် အင်ဂျင်နီယာများ၊ ပညာရှင်များက ဂေါပကအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားလျှင် အမှိုက်သရိုက်များ ကင်းစင်ပပျောက် သွားနိုင်ကြောင်း ဒေါက်တာအောင်နိုင်ဦးက အကြံပြုပြောသည်။

    ကျိုက်ထီးရိုးဘုရားရင်ပြင်တွင် တစ်နေ့လျှင် ၂ တန်ခန့် စွန့်ပစ်အမှိုက်ထွက်ရှိနေသည့်အတွက် ကျိုက်ထီးရိုးတောတောင်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်း၊ အမှိုက်သရိုက်ကိစ္စ ရှင်းလင်းလှပသွားလျှင် ကျန်ကိစ္စရပ်များကလည်း တဖြည်းဖြည်း ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “တစ်နှစ်ရှိပြီး အဲ့ဒီအမှိုက်နဲ့ပတ်သက်ပြီး ဘယ်လိုရှင်းရမလဲဆိုတာ စည်ပင်သာယာရေးကိုလည်း အကူညီတောင်းပြီးပြီး အဆင်မပြေဘူး၊ အခုချိန်အထိ အဆင်မပြေသေးဘူး အဲ့ဒီတော့ ကိုယ့်ဟာနဲ့ကိုပဲ လုပ်တော့တယ်” ဟု ပြောသည်။

    ကျိုက်ထီးရိုးတောင်ပေါ် ဈေးဆိုင်ခန်းများမှ စွန့်ပစ်သောအမှိုက်များကို ကျိုက်ထီးရိုးဂေါပကအဖွဲ့၏ စီစဉ်မှုဖြင့် ဂေါပကရုံး၏ နောက်ဘက် ၊ မုဆိုးတောင်စောင်း၊ မော်တော်ယာဉ်ရပ်နားစခန်းအနောက်ဖက်တွင် စုစုပေါင်း (၃) နေရာ သတ်မှတ်ပေးထားပြီး ကိုယ်တိုင်အမှိုက်စွန့်ပစ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

    ကျိုက်ထီးရိုးနယ်မြေတွင် ရောင်းချသည့် ဈေးဆိုင်တန်းများကို ဂေါပက၏အစီအစဉ်ဖြင့် ခွင့်ပြုချထားပေးလျက်ရှိပြီး ဈေးကော်မတီအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်မှ ရှင်းပြသည်။

    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ကျိုက်ထီးရိုးဇုန်ဝင်ကြေး ကျပ်သိန်းပေါင်း ၂၉၆၈၇ ကျော်ပြည်နယ် ဘဏ္ဍာငွေထဲကို ထည့်သွင်းခဲ့ပြီး ဈေးဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းများနှင့် တောင်တက်ကားလုပ်ငန်းများမှ ရရှိသည့်ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များကို ပြည်ထောင်စု ဘဏ္ဍာငွေသို့ ယမန်နှစ်က ကျပ်သိန်းပေါင်း ၂၅၅၀ ထည့်သွင်းခဲ့ကြောင်း မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် ပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks