Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့ နိုင်ငံရေးပါတီတည်ထောင်ရန်စီစဉ်

    မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့ နိုင်ငံရေးပါတီတည်ထောင်ရန်စီစဉ်

    -

    အစိုးရထံ လက်နက်ချအလင်းဝင်ထားသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့အနေဖြင့် နိုင်ငံရေးပါတီဖွဲ့စည်းရန် စီစဉ်နေကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က သံဖြူဇရပ်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းအထူးတပ်ဖွဲ့၏ ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့ ဥက္ကဌ နိုင်ရွှေအောင်က “၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ကျွန်တော်တို့အဖွဲ့အနေနဲ့ အင်အားရှိသလောက် နိုင်ငံရေးပါတီတစ်ခုတည်ထောင်ဖို့ ကျွန်တော်တို့ စီစဉ်နေဆဲပါ။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးထဲမှာ ပါတီတွေ ကွဲပြားနေတာ များတယ်။ ပြည်သူတွေလည်းပြောကြတယ်။ လူငယ်တွေလည်း ပြောနေကြတယ်။ မွန် ၂ ပါတီကနေ ၃ ပါတီဖြစ်လာတယ်။ အခု ၃ ပါတီကနေ ကျွန်တော်တို့ တစ်ပါတီပေါ်လာရင် ၄ ပါတီဖြစ်လာရင် ကျွန်တော်တို့လူမျိုးအချင်းချင်း ပြိုကွဲမှုဖြစ်နေမလား။ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့ မွန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းကြရမယ်။ ကျွန်တော်တို့ ဘယ်လမ်းစဉ် လျှောက်လှမ်းမလည်းဆိုတာ အချိန်တန်ရင် ပြောမှာပါ” ဟု ဆိုသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့ ဥက္ကဌ နိုင်ရွှေအောင် ရှင်းလင်းပြောကြားစဉ်(MNA)
    ယခုအခါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ နိုင်ရှောင် ဦးစီးအဖွဲ့နှင့် မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့ ဥက္ကဌ နိုင်ရွှေအောင် ဦးစီးအဖွဲ့တို့ သီးခြားစီဖြစ်နေကြပြီး ရပ်တည်ချက်မတူညီကြောင်း သိရသည်။

    သို့ရာတွင် မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, အမျိုးသမီးပါတီ(မွန်) တို့ ပေါင်းစည်းညီညွှတ်ရန် ညှိနှိုင်းနေသည့်ကာလတွင် မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့မှ နိုင်ငံရေးပါတီဖွဲ့ရန် စီစဉ်နေသည့်အပေါ် မည်သို့မျှ မှတ်ချက်ပြုစရာမရှိကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

    နိုင်လယီတမက “ဒီကိစ္စနဲ့ပတ်သက်ပြီး အခုမှ ကျွန်တော်တို့ကြားလိုက်တာပေါ့နော်။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် မွန်လူထုအသံကို နားထောင်လိုက်မယ်ဆိုရင် မွန်နိုင်ငံရေးပါတီ တစ်ခုတည်းပဲ လိုအပ်ပါတယ်။ ဒါပေမယ့် အခုခေတ် ပါတီစုံဒီမိုကရေစီစနစ်ဆိုတော့ ဘယ်သူမဆို ပါတီတည်ထောင်ခွင့်ရှိတာပေါ့နော်။ ပါတီအသစ်တစ်ခု တည်ထောင်ဖို့ ဆန္ဒရှိနေမယ်ဆိုရင် မွန်လူထုအသံနဲ့ တစ်သားတည်းကိုက်ညီမှုရှိသလားဆိုတာ ပါတီအသစ်ထောင်ဖို့ စဉ်းစားထားတဲ့သူတွေအနေနဲ့ မွန်လူထုအသံကို နားထောင်ပေးပါ” ဟု ဆိုသည်။
    ထို့အတူ ရာမညအင်အားစုကလည်း မွန်ပါတီအသစ်တည်ထောင်ဖို့ သတင်းထွက်ပေါ်နေကြောင်း နိုင်လယီတမက ဆက်ပြောသည်။

    လက်ရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့တွင် အင်အား ၂၃၀ ဦးခန့်ရှိကြောင်း၊ ဒေသခံအစိုးရအာဏာပိုင်များနှင့်လက်တွဲ၍ ဒုစရိုက်နှိမ်နင်ရေးများ ဆောင်ရွက်နေကြောင်း ၄င်းအထူးအဖွဲ့၏ ဥက္ကဌပြောကြားချက်အရ သိရသည်။

    မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်က ၂၀ဝ၈ ခုနှစ်တွင် တပ်မတော်အစိုးရထံ လက်နက်ချအလင်းဝင်ပြီး ဥက္ကဌအဖြစ်ခံယူကာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် မွန်ပြည်သစ်ပါတီမှအနားယူခဲ့သူ ဗိုလ်မှူးကြီးနိုင်ရှောင် ဦးဆောင်ခဲ့သည့် ရာမညတပ်ဖွဲ့က ၂၀ဝ၉ ခုနှစ်တွင် တပ်မတော်အစိုးရထံလက်နက်ချပြီးနောက် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သို့ ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရသည်။

    ၂၀၁၀ ခုနှစ် သြဂုတ်လ၌ ဥက္ကဌ နိုင်အောင်နိုင် ကွယ်လွန်ပြီးချိန်တွင် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို ဥက္ကဌအဖြစ် နိုင်ရှောင် ဆက်လက်ဦးဆောင်ခဲ့ကြောင်း၊ ထိုနောက် နိုင်ရွှေအောင် ဒုဥက္ကဌအဖြစ်ရွေးချယ်ခံရကြောင်း၊ ထိုနောက် ယခုအခါ နှစ်ဖွဲ့သီးခြားစီရပ်တည်လာခြင်း ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks