Thursday, March 12, 2026
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော်ရှိထွေအုပ်ဝန်ထမ်းငွေတောင်းသည့်ကိစ္စ စစ်ဆေးပြီဟုဆို

    ပြည်နယ်လွှတ်တော်ရှိထွေအုပ်ဝန်ထမ်းငွေတောင်းသည့်ကိစ္စ စစ်ဆေးပြီဟုဆို

    -

    မွန်ပြည်နယ်လွှတ်တော်၌ တာဝန်ထမ်းဆောင်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူးအဆင့်ရှိ ဝန်ထမ်းမှ လွှတ်တော် အငယ်တန်းစာရေးထံ ငွေကြေးတောင်းခံသည်ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလုပ်ထုံးလုပ်နည်းဥပဒေအရ စစ်ဆေးထားပြီဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်က ၄င်းတို့ စစ်ဆေးတွေ့ရှိချက်များကို ပေးပို့လာပြီးနောက် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စစ်ဆေးထားပြီး ဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော်(MNA)
    “လွှတ်တော်ကနေအကြောင်းကြားတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ ဝန်ထမ်းလုပ်ထုံးလုပ်နည်းအရ စစ်တယ် စစ်ဆေးပြီးတဲ့အဆင့်ပါ၊ ဒါပြီးရင် သူသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းဖြစ်တဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်ကို တင်ပြရမယ် ဒီစစ်ဆေးချက်တွေကို” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    တိုင်ကြားခံရသည့် နိုင်ငံ့ဝန်ထမ်းသည် စုံစမ်းစစ်ဆေးမှုအရ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်တို့ဖြင့် အရေးယူဆောင်ရွက်ရမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    “ပြစ်ဒဏ်တွေက ၉ မျိုးလောက်ရှိတယ်၊ စာနဲ့ သတိပေးတာတို့ တာဝန်မှ ရပ်စဲတာတို့ နောက် ထုတ်ပစ်တာတို့ ရှုပ်ချထုတ်ပစ်တာတို့ ပစ်စင်ခံစားခွင့်ကနေ ထုတ်ပစ်တာတို့ အဲလို ပစ်ဒဏ်အဆင့်ဆင့်ရှိတယ် သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့အပေါ်မူတည်ပြီးတော့ ပစ်ဒဏ် ၉ မျိုးနဲ့ အရေးယူတာ” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

    အသစ်ခန့်အပ်ခံရသည့် လွှတ်တော်အငယ်တန်းစာရေး ၅ ဦးထံမှ လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် ညွှန်ကြားရေးမှူးတို့အား ကန်တော့ရန်ဆိုပြီး တစ်ဦးလျှင် လစာနှစ်လစာနှင့်ညီမျှသည့် ငွေကျပ် ၃ သိန်း တောင်းခံသည်ဆိုပြီး ဦးစီးမှူးအဆင့်ရှိ လွှတ်တော်ဝန်ထမ်း ၃ ဦးကို အရေးယူပေးပါရန် အငယ်တန်းစာရေးတစ်ဦးမှ ဇူလိုင် ၄ ရက်နေ့က လွှတ်တော်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ တိုင်ကြားချက်အပေါ် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာလေ့လာသုံးသပ်စိစစ်ရေးကော်မတီတို့မှ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး စစ်ဆေးချက်များအရ အမှန်တကယ်ဖြစ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့် အစီရင်ခံစာကို လွှတ်တော်ဥက္ကဌမှတဆင့် ဇူလိုင်လ ၁၇ ရက်နေ့က ပြည်နယ်အစိုးရနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ပေးပို့ခဲ့သည်။

    နိုင်ငံ့ဝန်ထမ်းတို့သည် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဥပဒေအရ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဥပဒေဘောင်ကျော် လုပ်ခဲ့ပါကလည်း လုပ်ခဲ့သည့်အလျောက် အရေးယူခံရမည်ဟု ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks