ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း အပါအဝင် ဗဟိုကော်မတီဝင် ၆ ဦးတို့ကို ဇူလိုင်လ ၁၈ ရက်နေ့က မွန်အမျိုးသားပါတီ MNP မှ ရပ်စဲလိုက်ပြီးနောက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ချောင်းဆုံမြို့နယ်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦး(မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ) သည်လည်းပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်သည့်သတင်း ထွက်ပေါ်လာသည်။ ဒေါက်တာမင်းစိုးလင်းနှင့် ဒေါက်တာအောင်နိုင်ဦးတို့သည် ၄င်းတို့၏မဲဆန္ဒနယ်မြေအသီးသီးမှ နှစ်ကြိမ်စီမဲအနိုင်ရခဲ့သည့် လွှတ်တော်အမတ်များ ဖြစ်ကြပါသည်။
ပြီးခဲ့သည့်လပိုင်းတွေမှာလည်း မွန်ပါတီကြီး ၂ ရပ်မှ အဓိကစည်းရုံးရေးမှူးတွေဖြစ်ကြသည့် နိုင်မွန်ရာဇာ(ဝါ)မင်းစိုးဝင်း (MNP)၊ နိုင်အောက်စား(ဝါ) နိုင်အောင်ဘ (AMDP) တို့ကိုလည်း ၄င်းတို့ပါတီမှ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါသည်။ အထက်ဖော်ပြပါ ပုဂ္ဂိုလ်တို့သည် ပါတီလုပ်ငန်းများတွင် တက်ကြွလှုပ်ရှားဦးဆောင်သူများဖြစ်ကြသဖြင့် လက်ရှိမွန်နိုင်ငံရေးလောကတွင် လူသိများပြီး ပေါ်ပြူလာဖြစ်နေသူဟုလည်း ဆိုနိုင်ပါသည်။

မွန်ပါတီများကဲ့သို့ပင် ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးဦးမြသန်းကို ပါတီကခွင့်မပြုဘဲ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနေရာကို ဝင်အရွေးခံလိုက်သဖြင့် ရခိုင်အမျိုးသားပါတီ ANP ထုတ်ပယ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ကလည်း ALP မှ နုတ်ထွက်စာတင်လိုက်သတင်းများ ထွက်ပေါ်သည်။ ANP ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့ကို ရခိုင်တစ်ပါတီဖြစ်ရေး ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းလိုက်သည့်ပါတီဖြစ်သည်။
အထက်ပါရခိုင် ၂ ပါတီပူးပေါင်းလိုက်သည်ဆိုသော်ငြား အကြောင်းအမျိုးမျိုးကြောင့် ယခုအခါ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( Arakan League for Democracy- ALD ) ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ တရားဝင် နိုင်ငံရေးပါတီသစ်တခုအဖြစ် ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်က မှတ်ပုံတင်ခွင့်ရလိုက်ပါပြီ။ ထို့ကြောင့် လက်ရှိတွင် ရခိုင် ၂ ပါတီပြန်လည် ဖြစ်ရှိလာရပြန်သည်။
အလုပ်မဖြစ်သည့် မွန် ၂ ပါတီပေါင်းစည်းရေး
AMDP, MNP မွန် ၂ ပါတီခေါင်းဆောင်တွေက ၂ ပါတီပေါင်းစည်းရေးကို အမျိုးသားညီညွတ်ရေးတို့ကို တဖွဖွပြောဆိုလေ့ရှိသည်။ သို့သော် လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ ၂၀၁၂ ခုနှစ်ကတည်းက ကြားခံပေါင်းစည်းရေးကော်မတီတွေ၊ ပါတီကိုယ်စားလှယ်များရွေးချယ်တာဝန်ပေးကာ ပေါင်းစည်းရေးအစီအစဉ် လမ်းပြမြေပုံတွေ ရေးဆွဲသတ်မှတ်သတင်းထုတ်ပြန် ကြေညာခဲ့ကြသော်လည်း ပေါင်းစည်းရေးအဖြေ ထွက်မလာခဲ့ပါ။ ပါတီတွင်းမှ အဓိကခေါင်းဆောင်တချို့သာ အက်ကွဲပဲ့ထွက်လာမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ပေါင်းစည်းရေးအတွက်ကြိုးစားပေးခဲ့ကြသည့် မွန်ရဟန်းသံဃာတော်များနှင့် မွန်ပြည်သစ်ပါတီတို့ လက်လျော့လိုက်ရသည်။ ယခုအခါ ကြားခံအဖွဲ့အစည်း မလိုဘဲ နှစ်ပါတီတိုက်ရိုက်တွေ့ဆုံဆွေးနွေးကြမည်ဟု ပြောကြားထားပြန်သည်။ သို့သော်လည်း “ဆောက်ဖြစ်မှ ကျောင်းဒကာ”လို့ ဆိုချင်ပါသည်။
ရွေးကောက်ပွဲနှင့် မွန်နိုင်ငံရေးပါတီဖြစ်စဉ်အကျဉ်း
၁၉၈၈ ခုနှစ် မြန်မာ့နိုင်ငံရေးအချိုးအကွေ့တွင် မွန်ကိုယ်စားပြုပါတီတရပ်ဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ Mon National Democracy Front-MNDF ကို တည်ထောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့ပါသည်။ ထိုစဉ်ကဘဝတူ တိုင်းရင်းသားပါတီတွေဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်အတူတူ ရပ်တည်ခဲ့ကြသည်။ ထို့ကြောင့် NLD ကဲ့သို့ပင် MNDF အနေဖြင့် ၂၀ဝ၈ နာဂစ်ဖွဲ့စည်းပုံကိုလက်မခံ ၂၀၁၀ ရွေးကောက်ပွဲမဝင်ဟု ကြေညာခဲ့ပါသည်။
သို့ရာတွင် လွှတ်တော်တွင်း မွန်ကိုယ်စားပြုအမတ်နေရာများရရှိရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်ပါတီတရပ်ကို မွန်လူထုတွေက လိုလားနေကြသည်။ ၂၀၁၀ ရွေးကောက်ပွဲမဝင်လိုသည့် MNDF ထိပ်ပိုင်းပုဂ္ဂိုလ်အချို့မှလွဲ၍ အစိုးရဝန်ထမ်းဟောင်းများ၊ မွန်ပြည်သစ်ပါတီမှအနားယူခဲ့သည့်ပုဂ္ဂိုလ်အချို့၊ မြို့နယ်အသီးသီးမှ လူငယ်၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များဖြင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ် ၁၆ နေရာရရှိခဲ့ပါသည်။
ထိုနောက် ပွင့်လင်းလာသည့်မြန်မာ့နိုင်ငံရေးအခြေနေပေါ်မူတည်ပြီး NLD ပါတီမှတ်ပုံတင်ပြီးသည့်ကာလ ၂၀၁၂ ခုနှစ်တွင် MNDF ပါတီမှ ခေါင်းဆောင်များနှင့် မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် လက်ကျန်ပုဂ္ဂိုလ်တွေ ဦးဆောင်၍ Mon Democracy Party-MDP ကို ဖွဲ့စည်းလိုက်သည့်အတွက် မွန် ၂ ပါတီ အပြိုင်ဖြစ်လာသည်ကို တွေ့ရှိရပါသည်။ မွန် ၂ ပါတီဖြစ်လာသည့်အတွက် ထိုကာလမှစ၍ မွန် ၂ ပါတီပေါင်းစည်းရေးကို ကြိုးပမ်းအားထုတ်လာရသည်။ အချိန်ကုန်ပြီး ပေါင်းစည်းရေးအလုပ်မဖြစ်သည့်အတွက် AMDP မှ ဗဟိုအလုပ်အမှုဆောင် ၂ ဦး MDP ကိုကူးပြောင်းလာပြီးနောက် ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ အမည်ပြောင်းလဲလိုက်ပါသည်။
ထိုနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး(မွန်) ပါတီတစ်ခု ထပ်မံပေါ်ပေါက်လာသော်လည်း ပါတီကြီး ၂ ခုပေါင်းပါက အချိန်မရွေးဝင်ရောက်ပူးပေါင်းမည်ဟု ထုတ်ဖော်ပြောကြားထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် AMDP,MNP, အမျိုးသမီး(မွန်) ပါတီနှင့် တစ်သီးပုဂ္ဂလမွန်ကိုယ်စားလှယ်လောင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄ ဦးသာရွေးချယ်ခံရသည်မှာ မွန်ပါတီတစ်ခုထက်မက များပြားနေသည့်အတွက် မွန်မဲတွေကွဲလို့ မဲရှုံးခဲ့ရသည့်ရလဒ်ကို သင်ခန်းစာအဖြစ် မှတ်ယူလိုက်ကြသည်။
ပါတီသစ်ထောင်မည့် လမ်းကြောင်း
AMDP နှင့် MNP ပေါင်းစည်းရေးလမ်းစမမြင်သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ရေးအနေဖြင့် ပေါင်းစည်းရေးလိုလားသူများ၊ အထက်ပါ နှစ်ပါတီမှ ထုတ်ပယ်ခံသူများနှင့် နုတ်ထွက်လာသူများ ဦးဆောင်သည့် ပါတီသစ်တစ်ရပ်ထူထောင်ရေးတာစူနေသည့် တတိယအုပ်စု ပေါ်ပေါက်နေပါပြီ။
ပါတီသစ်ထူထောင်ရေးအတွက် ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး မြို့နယ်အလိုက် မွန်လူထုဆန္ဒသဘောထား မည်ကဲ့သို့ကောက်ခံနေသည်ကို မသိရသော်လည်း ၆၀% ထောက်ခံမှုရရှိနေပြီဟု ဦးဆောင်သူတွေဘက်က ပြောဆိုနေကြသည်။ တဖက်တွင်လည်း အကယ်၍လက်ငင်းတွင် မွန် ၂ ပါတီပေါင်းစည်းရေးအမှန်တကယ်ဖြစ်ပေါ်လာပါက ပါတီသစ်ထောင်မည့်ကိစ္စကို ချက်ချင်းရပ်နားပေးမည်ဟု ပြောထားသည်။ မပေါင်းဖြစ်ပါက လာမည့် ၂၀၁၈ နှစ်ဦးပိုင်းတွင် ပါတီသစ်မှတ်ပုံတင်မည်ဟု သတင်းထွက်ပေါ်နေသည်။ ယခင်မိခင်ပါတီနှင့် သံယောဇဉ်ပြတ်တောက်ပြီးသူများအနေဖြင့် ပါတီသစ်ထောင်တာကလွဲရင် နိုင်ငံရေးစင်မြင့်ပေါ်လှမ်းတက်ရမည့် ရွေးစရာလမ်းကြောင်းမရှိပါ။
ပါတီသစ်အပေါ် မျှော်လင့်ချက်နှင့် စိုးရိမ်နေမှုများ
အကယ်၍ ဖြစ်ပေါ်လာမည့်ပါတီသစ်တွင် AMDP, MNP, NMSP စသည့် မိခင်ပါတီများမှ သံယောဇဉ်ဖြတ်ပြီးသူများကို တစ်စင်ထောင်သည်ဟု ရှုမြင်ဝေဖန်သူများရှိသလို တဖက်တွင်လည်း ၄င်းတို့တတိယအင်အားစုတွေဟာ နှစ်ပါတီကြား ပေါင်းစည်းရေးလိုလားသူတွေဖြစ်သောကြောင့် မွန်လူထုထောက်ခံမှု အများဆုံးရရှိနိုင်မည့် လူလတ်ပိုင်းခေါင်းဆောင်တွေလို့လည်း မျှော်လင့်သူများရှိပါသည်။ ယခင်မွန် ၂ ပါတီအပြိုင်အဆိုင် ဆက်လက်တည်ရှိနေပါက ၂၀၂၀ ရွေးကောက်ပွဲကျော်ဖြတ်၍ မွန်ကိုယ်စားလှယ်များ လွှတ်တော်ရောက်နိုင်ဖို့ မျှော်လင့်ချက်ကင်းမဲ့နေဦးမည်ဖြစ်ရာ ပါတီသစ်ဖွဲ့စည်းခြင်းမှအပ အခြားနည်းလမ်းမရှိတော့ပြီ။ ထို့ကြောင့် ပါတီသစ်ထူထောင်တာက လက်ရှိမွန်နိုင်ငံရေးအခင်းအကျင်း၏ ထွက်ပေါက်လို့ ပြောဆိုမှုတွေရှိသလို တစ်ခုသောစိုးရိမ်မှုမှာ ပါတီသစ်ဖွဲ့ပြီးကာမှ အကြောင်းအမျိုးမျိုးဖန်တီးလာမှုကြောင့် အသစ်တဖန်ထပ်ကွဲကြဦးမည်ဆိုပါက မွန်ပါတီအရေး ကြိုတင်တွေးဆလို့ ရတက်မအေးနေရသူများလည်း ရှိပါကြောင်း။