spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းသတင်းထောက်များအားဖမ်းဆီးခြင်းသည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးတည်ဆောက်နေမှုကို အဟန့်အတားဖြစ်စေသည်

    သတင်းထောက်များအားဖမ်းဆီးခြင်းသည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးတည်ဆောက်နေမှုကို အဟန့်အတားဖြစ်စေသည်

    -

    ရှမ်းပြည်နယ်မြောက်ပိုင်းသို့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးသတင်း သွားရောက်ရယူခဲ့သော ဧရာဝတီသတင်းဌာနမှ မွန်တိုင်းရင်းသားသတင်းထောက် လဝီဝင်၊ DVB မှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်နှင့် သတင်းထောက် ဦးအောင်ပြည့်ဖုန်းတို့ကို လွန်ခဲ့သည့်သီတင်းပတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သတင်းရယူနေသော သတင်းမီဒီယာသမားများကို တစ်စုံတစ်ရာအားဖြင့် ဟန့်တားရာရောက်စေပါသည်။

    မြန်မာနိုင်ငံတွင် အစိုးရထိန်းချုပ်နယ်မြေရော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနယ်မြေများပါမကျန် အဖြူရောင်နယ်မြေ အနက်ရောင်နယ်မြေဟုမပိုင်းခြားဘဲ ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်တွေကို ပြည်သူလူထုအားလုံး အချိန်နှင့်တပြေးညီသိရှိနိုင်ရန် အလုပ်တာဝန်ဝတ္တရားအရ သတင်းပေးပို့ရမည့်သူမှာ သတင်းထောက်များပင် ဖြစ်ပါသည်။

    အဖမ်းဆီးခံ သတင်းထောက် ၃ ဦး(Internet)
    မြောက်ပိုင်းဒေသထိုးစစ်များတွင် တပ်မတော်ဘက်၊ တိုင်းရင်းသားလက်နက်ကိုင်ဘက် စသည့်ဘက်နှစ်ဖက်လုံးတွင် ထိခိုက်ကျဆုံးမှုများရှိနေသလို တစ်ဖက်နှင့်တစ်ဖက် ရန်သူဟုသတ်မှတ်ထားကြပြီး ကိုးကန့် MNDAA၊ ပလောင် TNLA၊ ရက္ခိုင် AA တို့အား ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်း မပြုခဲ့ပေ။

    အထက်ပါ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် တပ်မတော်အနေဖြင့် ရန်သူအဖြစ်သတ်မှတ်ထားသလို ပြည်သူအားလုံးက သတ်မှတ်ကြမည် မဟုတ်ပါ။ ဆိုလိုသည်မှာ အထက်ပါ ကိုးကန့်၊ ပလောင်၊ ရက္ခိုင့်တပ်မတော်တို့အား တပ်မတော်အနေဖြင့် ရန်သူအဖြစ်သဘောထား ရှိသကဲ့သို့ သတင်းမီဒီယာသမားများကိုလည်း ရန်ငါစည်းဖြတ်ရန် အမိန့်ပေး၍မရနိုင်ပါ။ ငြိမ်းချမ်းရေးကိုရှေးရှု၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အထက်ပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မကြာသေးမီလပိုင်းများတွင် တွေ့ဆုံစကားပြောခဲ့သည်ကိုလည်း အမှတ်ရစေလိုပါသည်။

    သတင်းထောက်ဆိုသည်မှာ သတင်းပို့သူ Messengers သာဖြစ်ပြီး မိတ်ဆွေ ရန်သူဟူ၍ နယ်နိမိတ် အပိုင်းအခြားမရှိပါ။ စစ်မြေပြင် ကပ်ဘေးဆိုက်ရာနေရာဒေသအမျိုးမျိုး အခမ်းအနားကြီးငယ်မဟူ သတင်းရင်းမြစ်များထံ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး ပြည်သူများအား သတင်းအစီရင်ခံခြင်း ဖြစ်ပါသည်။ အဆိုပါ အဖမ်းဆီးထိန်းသိမ်းခံရဆဲ သတင်းထောက် ၃ ဦးတို့သည်လည်း ပလောင်ဒေသသို့ ကိုယ်တိုင်သွားရောက်ပြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးသတင်းသွားရောက် ရယူခဲ့ခြင်းပင်ဖြစ်သည်။ ပလောင်တပ်ဖွဲ့ဝင်များနှင့် အဆိုပါ သတင်းထောက် ၃ ဦးတို့မှာ ရန်သူလည်းမဟုတ်သလို မိတ်ဆွေများလည်း မဟုတ်ကြပါ။

    ထို့အတူ အဆိုပါ သတင်းထောက် ၃ ဦးတို့သည် TNLA ပလောင်လက်နက်ကိုင်အဖွဲ့အား ငွေကြေး၊ ရိက္ခာ၊ လက်နက်ခဲယမ်းပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့ခြင်း အလျဉ်းမရှိခဲ့သဖြင့် မတရားအသင်းနှင့်ဆက်သွယ်သည်ဟုဆိုပြီး အရေးယူမည့်ကိစ္စမှာ အဓိပ္ပါယ်မဲ့သောလုပ်ရပ်သာ ဆိုချင်ပါသည်။

    လက်ရှိအချိန်သည် ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလများဖြစ်နေသည့်အတွက် ပဋိပက္ခတွင်ပါဝင်ပတ်သက်နေသူ Stakeholder အားလုံး တစ်ဖက်နှင့် တစ်ဖက်နားလည်မှုရှိကြရန် အထူးပင် လိုအပ်လှပေသည်။ ယင်းသို့အပြန်အလှန် နားလည်သဘောပေါက်လာစေရန် ငြိမ်းချမ်းရေးသတင်းရေးသားနေသည့် သတင်းထောက်များက များစွာအထောက်အကူပြုလျက်ရှိပါသည်။

    လွတ်လပ်ခြင်းဆိုသည်မှာ ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သလို ဒီမိုကရေစီခေတ်တွင် သတင်းအချက်အလက်တွေကို အများပြည်သူသိရှိနိုင်ရမည်ဖြစ်ပါသည်။ ထိုသို့သိရှိနိုင်ရန် သတင်းထောက်များက သတင်းပေးပို့ကြရသည်။ ယင်းကဲ့သို့ သတင်းထောက် ၃ ဦးအား အရေးယူမည့်ကိစ္စရပ်သည် သတင်းသမားများ၏လွတ်လပ်စွာသတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်တို့ကို တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်ပါသည်။

    ထို့ကြောင့် စာရွက်၊ ကလောင်၊ ကင်မရာနှင့် ဖုန်းတို့ကိုသာကိုင်တွယ်နေကြသည့် သတင်းမီဒီယာသမားများအပေါ် ဖိနှိပ်ချုပ်ချယ်နေမှုများသည် ဒီမိုကရေစီလမ်းကြောင်းနှင့်ဆန့်ကျင်နေပြီး လက်ရှိပြည်တွင်းငြိမ်းရေးတည်ဆောက်နေမှုကိုလည်း အဟန့်အတားဖြစ်စေကြောင်း မွန်သတင်းအေဂျင်စီက ရှုမြင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts