spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်းငံ့သဖြင့် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရန်မသေချာဟု CNF ပြော

    အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်းငံ့သဖြင့် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရန်မသေချာဟု CNF ပြော

    -

    နေပြည်တော်ရှိသင်္ဂဟဟိုတယ်၌ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးက ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ဆိုင်းငံ့ကြောင်း သဘောတူဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး)သို့ တက်ရောက်ရန် မသေချာတော့ဟု ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ-၂ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

    ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရရင် ချင်းအမျိုးသားတပ်ဦး CNF အနေနဲ့ လာမယ့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ဖို့ မသေချာတော့ဘူး။ဘာလို့လဲဆိုတော့ ညီလာခံမှာ တင်သွင်းဖို့အတွက် ဒီဆွေးနွေးပွဲ လုပ်နိုင်မှ ဖြစ်မှာမလို့ပါ”ဟု ပြောသည်။

    CNF ဒုဥက္ကဌ-၂ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(Facebook)

    ချင်းအမျိုးသားတပ်ဦး CNF သည် ချင်းပြည်နယ်၌ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်း လူမျိုးအလိုက်အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ကျင်းပသွားရန် စီစဉ်ထားသော်လည်း UPDJC မှ နယ်မြေတည်ငြိမ်မှု အရ မကျင်းပသေးရန် ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    “ချင်းပြည်နယ်မှာက ဆက်ဆံရေးရုံးဖွင့်ဖို့ နယ်မြေခံတွေက လက်မခံတဲ့ သဘောထားမျိုးဖြစ်တဲ့အတွက် မလုပ် နိုင်သေးတာပါ၊ ရခိုင်မှာဆိုရင် နိုင်ငံရေးအရ ရှုပ်ထွေးသိမ့်မွေတာကြောင့် ခဏဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မကျင်းပတာတော့မဟုတ်ပါဘူး အကုန်လုံးမှာ ကျင်းပသွားဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အနှေးနဲ့အမြန်ပဲ ကွာမှာပါ”ဟု သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောသည်။

    ပြီးခဲ့သည့် UPDJC ၉ ကြိမ်မြောက်အစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး)ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားရန်၊ ပအိုဝ်းဒေသ၊ ရှမ်းပြည်နယ် RCSS/SSA ဒေသ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားရန်၊ ချင်း နှင့် ရခိုင်တွင် အမျိုး သား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် ဆိုင်းငံ့ထားရန်၊ စသည့် အချက်များကို သဘောတူချမှတ် ခဲ့ကြောင်း သိရသည်။

    ထို့အတူ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်ပြည်နယ်၌ လူမျိုးအလိုက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်တို့ကို ကျင်းပပြီးစီးခဲ့ပြီး ဖြစ်သည်။

    ချင်းအမျိုးသားတပ်ဦး CNF နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုမူဘောင်အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ လူမျိုးအလိုက်ကို နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍ သက်ဆိုင်ရာနယ်မြေအတွင်း ကျင်းပခွင့်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts