spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့တွင်“လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား”ထည့်သွင်းကျင်းပခြင်းမပြုလုပ်ရန် မွန်နယ်လုံဝန်ကြီးက မွန်ပြည်သစ်ပါတီအားသတိပေး

    မွန်အမျိုးသားနေ့တွင်“လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား”ထည့်သွင်းကျင်းပခြင်းမပြုလုပ်ရန် မွန်နယ်လုံဝန်ကြီးက မွန်ပြည်သစ်ပါတီအားသတိပေး

    -

    ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားအား မွန်ပြည်သစ်ပါတီ NMSP (ဗဟို) အနေဖြင့် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ဂျပန်ရေတွင်းကျေးရွာ ခန့်မှန်းမြေပုံအညွှန်း(အမ်အက်စ်-၃၇၅၈၈၂)ရှိ ဘောလုံးကွင်း၌ “လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား” ထည့်သွင်းကျင်းပခြင်းမပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သတိပေးအကြောင်းကြားစာပေးပို့လိုက်ကြောင်း သိရသည်။

    အကြောင်းပြချက်ရှင်းလင်းဖော်ပြထားခြင်းမရှိသည့် အဆိုပါသတိပေးအကြောင်းကြားစာကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် မွန်ပြည်သစ်ပါတီရုံးသို့ ဖေဖော်ဝါရီ ၂ ရက်နေ့ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။

    ဂျပန်ရေတွင်းရွာ၌ ယခင်ကျင်းပခဲ့သည့်မွန်အမျိုးသားနေ့အခမ်းအနား စစ်ရေးပြချီတက်စဉ်(MNA)

    ထို့အတူ ဘုရားသုံးဆူဒေသ၊ အနန်းကွင်းအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၁) ရှေ့တန်းဗျူဟာရုံး ဗျူဟာမှူးကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးတာဝန်ခံအား ဂျပန်ရေတွင်းကျေးရွာ မွန်အမျိုးသားနေ့အခမ်းအနားအား “လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား” မပြုလုပ်ရန် သတိပေးပြောကြားခဲ့သည်ဟု သိရသည်။

    အဆိုပါ ဂျပန်ရေတွင်းကျေးရွာ ခန့်မှန်းမြေပုံအညွှန်း(အမ်အက်စ်-၃၇၅၈၈၂) သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူချက်အရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ စခန်းချနေထိုင်သည့် အမြဲတမ်းတပ်တည်နေရာ ၁၈ နေရာအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု သိရသည်။

    ထို့အတူ ဂျပန်ရေတွင်းကျေးရွာသည် ၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ မွန်ပြည်သစ်ပါတီအမြဲတမ်းတပ်တည်စခန်းအဖြစ် အသိအမှတ်ပြုခဲ့သည့် နေရာဖြစ်သဖြင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်နေသည်။

    အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး လက်မှတ်ရေးထိုးထားသည့် အခြားအကြောင်းကြားစာတစ်စောင်တွင် “NMSP(မွန်) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ်ကာလအတွင်း လူသစ်စုဆောင်းခြင်းအား ကန့်ကွက်ကြောင်း” ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည်။

    အဆိုပါအကြောင်းကြားစာတွင် “၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ NMSP(မွန်) အဖွဲ့ (ဗဟို)မှ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ဂျပန်ရေတွင်းကျေးရွာ၊ ကျုံကွီးကျေးရွာ၊ ကျော့ပလုကျေးရွာ၊ တပ်ဒိန်ကျေးရွာ၊ ခလော့ဟနီကျေးရွာ၊ ဗလဲ့တူဖိုက်ကျေးရွာ၊ ကြံတောကျေးရွာများမှ စစ်သင်တန်းတက်ရောက်ပြီးသူ အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိသူများအား တစ်ရွာလျင် (၁၀) ဦးခန့် စိတ်ပါဝင်စားသူများကို ခေါ်ယူစုဆောင်းရန်၊ လက်ရှိလှုပ်ရှားနယ်မြေအတွင်း လက်နက်/လူအင်အား တိုးချဲ့ထားရန်၊ တပ်မတော်စစ်ကြောင်းများနှင့် KNU အဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ထူးခြားဖြစ်စဉ်များအား NMSP(မွန်) အဖွဲ့ (ဗဟို)သို့ သတင်းပို့ရန်၊ ကျေးရွာများတွင် စည်းရုံးရေးလုပ်ငန်းများကြိုးစားဆောင်ရွက်ပြီး အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း” ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

    မွန်သတင်းအေဂျင်စီအနေဖြင့် မွန်ပြည်သစ်ပါတီဗဟိုဌာချုပ်သို့ Online ဖြင့်ဆက်သွယ်မေးမြန်းရာတွင် အထက်ပါ ဂျပန်ရေတွင်းကျေးရွာတွင် ကျင်းပမည့် မွန်အမျိုးသားနေ့အခမ်းအနားအား “လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား” မပြုလုပ်ရန် ဇန်နဝါရီ ၂၈ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က မွန်ပြည်သစ်ပါတီအား နှုတ်ဖြင့်အရင်ပြောဆိုခဲ့ကြောင်း၊ ၄င်းတို့၏စွပ်စွဲချက်များမှာ အခြေအမြစ်မရှိကြောင်း၊ နှစ်စဉ်ကျင်းပမြဲမွန်အမျိုးသားနေ့အခမ်းအနား စစ်ရေးပြအခမ်းအနားဖြင့်ချီတက်ရန် မွန်ပြည်သစ်ပါတီ၏ အရန်တပ်ဖွဲ့များပြန်လည်စုဆောင်းသည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်သာဖြစ်ကြောင်း၊ ထို့ကြောင့် ဂျပန်ရေတွင်းစစ်ရေးပြအခမ်းအနားကို ကျင်းပသွားမည်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။

    တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ မွန်ပြည်သစ်ပါတီအနေဖြင့် နှစ်စဉ်တပို့တွဲလပြည်ကျော်(၁) ရက်နေ့ ရောက်ရှိတိုင်း မွန်အမျိုးသားနေ့အခမ်းအနားကျင်းပခဲ့ရာတွင် “လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား”ဖြင့် အစဉ်အမြဲကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts