Sunday, March 15, 2026
More
    spot_img
    Homeသတင်းMCL ဘိလပ်မြေစက်ရုံ သင်္ဘောကြောင့် ရေလုပ်သားများအခက်ကြုံ

    MCL ဘိလပ်မြေစက်ရုံ သင်္ဘောကြောင့် ရေလုပ်သားများအခက်ကြုံ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အတ္ထရံမြစ်အတွင်း မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကုမ္ပဏီ၏ သင်္ဘောများဝင်ထွက်သွားလာမှုပိုမိုများလာသည့်အတွက် ရေလုပ်သားများသည် အခက်ခဲကြုံတွေ့နေရကြောင်း ကာယကံရှင် ပြောကြားချက်အရ သိရသည်။

    “အရင်ကဆို တနေ့ ၂ စီးလောက်ပဲ သင်္ဘောတွေဖြတ်သန်းတယ်။ အခုတခါတလေ ၁၀ စီးအထိ သွားလာနေတော့ ကျနော်တို့ ငါးဖမ်းပိုက်တွေချဖို့ အချိန်မရဘူးဖြစ်နေတယ်။ တကြိမ်တည်း ၅ စီးလုံး တပြိုင်တည်း အတူတူသွားနိုင်ရင် အဆင်ပြေတာပေါ့။ ပြီးတော့သင်္ဘောလာတာကိုလည်း အချက်ပြသတိပေးတာမရှိတဲ့အတွက် ကျနော်တို့ ချထားတဲ့ ပိုက်တွေ ပြန်သိမ်းဖို့ အခက်အခဲဖြစ်တာပေါ့” ဟု အတ္ထရံမြစ်မှရေလုပ်သား ဦးအောင်သက်ဦး ကပြောသည်။

    အတ္ထရံမြစ်အတွင်း MCL ကုန်တင်သင်္ဘောတစ်စီး(Baw Goung)
    အတ္တရံမြစ်အတွင်း အသက်မွေးဝမ်းကျောင်းပြုနေသူ ရေလုပ်သားများအနေဖြင့် ဒီရေကျချိန် တနေ့ ၆ နာရီခန့်သာ အလုပ်လုပ်ရကြောင်း၊ သင်္ဘောများအချက်မပေးပဲ ရုတ်တရက်ရောက်ရှိလာသောကြောင့် ငါးဖမ်းပိုက်များချက်ချင်းပြန်လည်ရုပ်သိမ်းရန် အချိန်မမီကြောင်း၊ သင်္ဘောများသည် အရှိန်မြန်နှုန်းဖြင့် မောင်းနှင်သောကြောင့် လှေငယ်များတိမ်မှောက်နိုင်ပြီး ကမ်းပါးများပြိုနိုင်သည်ဟုလည်း ဦးအောင်သက်ဦးက ဆက်ပြောသည်။

    သို့ရာတွင် MCL ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူ တစ်ဦးက“ကုန်တင်သင်္ဘောတွေ အတ္ထရံမြစ်ထဲကို ဝင်ထွက် သွားလာတဲ့အချိန်မှာ ငါးဖမ်းလှေငယ်တွေ အန္တရာယ်မဖြစ်စေဖို့ သတိပေးသံတွေ ပေးပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    MCL အနေဖြင့် အတ္ထရံမြစ်ကမ်တစ်လျောက်ရှိ ကျေးရွာများအား လိုအပ်သလိုကူညီထောက်ပံ့မှုများ ပေးအပ်လျက်ရှိပြီး တံငါသည် ရေလုပ်သားမိသားစုဝင်များကိုလည် သင့်တော်သလို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းက ဆိုသည်။

    အတ္ထရံမြစ်ထဲတွင် ဓမင်းပိုက်၊ ဆွဲပိုက်၊ မျောပိုက်များဖြင့် ရေလုပ်ငန်း လုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုနေသူ တစ်ထောင်ကျော်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရသိသည်။

    ၂၀၁၄ခုနှစ်မှစ၍ ကုန်တင်သင်္ဘော ဖြတ်သန်းမှုကြောင့် ရေလုပ်သားစုစုပေါင်း(၃၅)ဦးတို့မှ စက်လှေနစ်မြုပ်ခြင်း၊ ပိုက်များပျက်စီးခြင်းနှင့် စက်များနစ်မြုပ်ခြင်းတို့ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း(၅၀)ခန့်ရှိခဲ့သဖြင့် နစ်နာသူ ရေလုပ်သားများက ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့က မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ “သင်္ဘောများအရှိန်တဖြည်းဖြည်းမောင်းနှင်ပေးရန်၊ ဆုံးရှုံးမှုများကို ပြန်လျော်ပေးရန်၊ သင်္ဘောများလာသည့်အချိန်နှင့် ငါးဖမ်းသည့်အချိန်ညှိပေးရန်” အချက် ၃ ချက်တောင်းဆိုခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

    တနေ့တန်ချိန် ငါးထောင်ထွက်ရှိမည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ယခုအခါ တန်ချိန် ၃၅၀ဝ တင် ဆောင်နိုင်သည့် သင်္ဘောများဖြင့် အတ္ထရံမြစ်အတွင်း ကုန်ကြမ်းများနှင့် ဘိလပ်မြေများကို သယ်ဆောင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks