Thursday, March 12, 2026
More
    spot_img
    Homeသတင်းမဟာရင်ဂိုဏ်းချုပ်ဆရာတော်ကြီးအန္တိမအဂ္ဂဇျာပနပူဇော်ပွဲ ကျင်းပမည်

    မဟာရင်ဂိုဏ်းချုပ်ဆရာတော်ကြီးအန္တိမအဂ္ဂဇျာပနပူဇော်ပွဲ ကျင်းပမည်

    -

    သက်တော် (၉၉) သိက္ခာတော် (၈၀) ဝါတွင် ပျံလွန်တော်မူခဲ့သော မဟာရင်မွန်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက၊ ဓမ္မယုတ္တိနိကာယ-မဟာရင်ဂိုဏ်း၏ ဂဏာဓိပတိ(သံဃရာဇာ)၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စမဟာထေရ်အား ဇန်နဝါရီလ ၂၂ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာသုဿာန်၌ အန္တိမအဂ္ဂိဇျာပနသဘင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    ဆရာတော်သည် မော်လမြိုင်မြို့၊ ငွေမိုးဆေးရုံသို့တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၅၄ မိနစ်အချိန်ခန့်တွင် ကတိုးရွာမဟာရင်ကျောင်း၌ ဘဝနတ်ထံပျံလွန်တော်မူခြင်း ဖြစ်သည်။

    မဟာရင်ဂိုဏ်းချုပ်ဆရာတော်ကြီးရုပ်ကလာပ်တော်အား ရွတ်ဖတ်ပူဇော်နေစဉ်(MNA)
    “၁၇ ရက်နေ့မှာ ဆရာရဲ့ ဥတုဇရုပ်ကလာပ်ကို ကြာသင်္ကန်းနဲ့ ပူဇော်မယ်၊ ၂၀ ရက်နေ့မှာ တပည့်အားလုံးရဲ့ မျက်နှာစုံညီအစည်းအဝေးအပြီးမှာ ဆရာကို ပူဇော်ကန်တော့ကြမယ်၊ ပြီးတော့ ၁၉၊ ၂၀၊ ၂၁ သုံးရက် တာ တရားပွဲကျင်းပပြီးတော့ ၂၂ ရက်နေ့ မွန်းတည့်အချိန်မှာ အန္တိမ အဂ္ဂိဇျာပနသဘင်ကျင်းပသွားမှာပါ” ဟု ကျင်းပရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဝိဝေကာနန္ဒက မိန့်ကြားသည်။

    ဆရာတော်သည် ဓမ္မာစရိယတန်းကို မွန်ဘာသာဖြင့် ဖြေဆိုခဲ့ကြသော သံဃာတော်များတွင် အရင်ဦးဆုံး အောင်မြင်ခဲ့သူဖြစ်ကြောင်း၊ ထိုနောက် သာသနဓဇသိရိ ပဝရဓမ္မာစရိယတန်းကိုအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်မှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ကို ဆပ်ကပ်ခံထားရသူလည်း ဖြစ်သည်။

    ၄င်းအပြင် ဆရာတော်ကြီးမှ တပည့်သာဝကများအား စာဝါပို့ချလာခဲ့သည်မှာ ၃၉ နှစ်ရှိပြီး ဆရာတော်ဘုရား ကြီးထံမှ ပညာသင်ကြားခဲ့ပြီးသော တပည့်များတွင် စာချတန်း ၁၀ဝ ပါးခန့်၊ သီရိပဝရတန်း (မြန်မာဂုဏ်ထူး) ၁၀ ပါး၊ ပါဠိပါရဂူ ၃ ပါး၊ ဒွိပိဋကဓရ-ဒွိပိဋကကောဝိဒ၊ မူလအာဘိဓမ္မိက တစ်ပါး၊ ဒွိပိဋ္ဋကဓရ တစ်ပါး၊ ဝိနယဓရ နှစ် ပါး၊ ဥဘတောဝိဘင်း နှစ်ပါး စသည့် တပည့်ကောင်းများကိုလည်း မွေးထုတ်နိုင်ခဲ့သည်ဟု သိရသည်။

    ယခုအခါတွင် ကော့ဗိန်း၊ နောင်ခေတ်၊ တရနာ၊ ကျုံပနော်၊ ချောင်းဆုံ၊ ဇင်းကျိုက်၊ ကတိုး ရွာနှင့် အနီးအနားရွာများမှ တပည့်ဒါကာ ဒါယကာမများအဖွဲ့များမှလည်းကောင်း၊ အနီးအနားကျေးရွာရှိ ကျောင်းသားကျောင်းသူများကလည်းကောင်း ဓမ္မစကြာ၊ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်များဖြင့် လာရောက် ရွတ်ဖတ်ပူဇော်လျက်ရှိသည်။

    “တစ်ရက်ကို ၈ ဖွဲ့လောက် လာပြီး ရွတ်ဖတ်ပူဇော်ကြတယ်။ ဓမ္မစကြာ ပစ္စနိဒ္ဒေသတို့ပေါ့၊ နေ့လည် ၁ နာရီကနေ့ ည ၁၀ နာရီအထိ ပူဇော်ကြတယ်။ ဇန်နဝါရီလ ၁၂ ရက်ကနေ့စပြီး ၁၈ ရက်နေ့အထိ ၇ ရက်အထိ ပူဇော်ကြ မှာပါ” ဟု ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်ရှိရာ ရွတ်ဖတ်ပူဇော်သောနေရာတွင် တာဝန်ယူထားသော အရှင်ပညာသာရက မိန့်ကြားသည်။

    ဆရာတော်သည် သာသနာပြုလုပ်ငန်းများကိုဆောင်ရွက်ရင်း အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်အသီးသီးကို နိုင်ငံတော်အစိုးရ၏ ဆက်ကပ်လှူဒါန်းခြင်းခံရသည့် အထင်ကရ မွန်တိုင်းရင်းသားဆရာတော်တစ်ပါးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks