NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့နှင့်သာ လာမည့် ၂၀၁ရ ခုနှစ်ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရန်ဆောင်ရွက်နေခြင်းသည် NCA နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုစေနိုင်ကြောင်းဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်ပြီး UNFC ကြေညာချက် ထုတ်ပြန်ရာတွင် ရေးသားဖော်ပြသည်။
“တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့အတွက် လက်နက်ကိုင်တိုင်းရင်းသားအားလုံးနိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့လိုတယ်၊ အခုလက်ရှိမှာတော့ NCAလက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ပဲပါဝင်နေတယ်၊ အဲဒီ ၈ဖွဲ့နဲ့ပဲလုပ် ဆောင်သွားဖို့ စီစဉ်နေတယ်ဆိုတာက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ ကျနော်တို့မြင်တယ်” ဟု UNFC ဒု- ဥက္ကဌ နိုင်ဟံသာကမွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၂ဝကျော်ရှိသည့်အနက် ၈ ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးခဲ့ ခြင်းသည်တစ်နိုင်ငံလုံးအတိုင်းအတာမဆောင်သလို NCA စာချုပ်တွင်ပါဝင်သည့်နိုင်ငံရေးလမ်းပြမြေပုံ အဆင့်များအရ နိုင်ငံရေးမူဘောင် မူကြမ်းရေးဆွဲခြင်း၊အတည်ပြုခြင်းတို့မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာမဆောင်နိုင်သည့်အပြင် အားလုံးပါဝင်မှုလည်း မရှိကြောင်းထုတ်ပြန်ကြေညာချက်တွင် ရေးသားထောက်ပြထားသည်။
“ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ဆက်လက် အကောင်အထည်ဖော်မယ် ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကိုလက်နက်ကိုင်တိုင်းရင်းသားအားလုံး ပါဝင်ဆွေးနွေးပြီးလက်ခံနိုင်မှရှေ့ဆက် လုပ်ဆောင်ရင် ပိုပြီးထိရောက်မှုရှိတယ်” ဟုနိုင်ဟံသာက ဆက်ပြောသည်။
တဖက်တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် တင်ပြနိုင်ရန် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူး၀င်းက “ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ဖို့အတွက် ပြင်ဆင်မှုက ပြည့်စုံလုံလောက်ခဲ့ပြီ ” ဟု ဆိုသည်။
သို့ရာတွင် ၂၁ ရာစုပင်လုံညီလာခံသည်ပင်လုံစိတ်ဓာတ်ကိုအမှန်တကယ်အခြေခံလျှင် ပင်လုံတွင်ထားရှိခဲ့သည့်ပြည်ထောင်စု အမြုတေကတိကဝတ်နှင့် ပင်လုံစာချုပ်ပါအချက်အလက်များကို မျက်ကွယ်ပြုလိုက်ပါက စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်နိုင်ရန် အလှမ်းဝေး နေဦးမည်ဖြစ်ကြောင်း၊စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရန်ငြိမ်းချမ်းစွာ ညှိနှုိင်းအဖြေရှာနိုင်သည့် ပတ်ဝန်းကျင်ကောင်းနှင့်အားလုံးပါဝင်နိုင်သည့်အခင်းအကျင်းကို အမြန်ဆုံးဖော်ဆောင်ပေးရန်လိုအပ်ကြောင်း UNFC ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။