မွန်ပြည်နယ်အတွင်းရှိ မြေယာပြဿနာအကင်းရှင်းဆုံး ၁၀ ရွာကို အနှစ် ၃၀ မြေငှားဂရမ် ပြုလုပ် ပေးမည်ဟု မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ မေလ ၃၁ ရက်က မွန်ပြည်နယ်အစိုးရရုံး အောင်ဆန်းခန်းမ ရက် ၁၀ဝ လုပ်ငန်းစဉ်စီမံချက် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က “ကျနော်တို့ပြည်ထဲ ရေးဌာနက တစ်မြို့နယ်မှာ တစ်ရွာနှုန်းနဲ့ အနှစ် ၃၀ ဂရမ် လုပ်ပေးသွားမှာ ဖြစ်ပါတယ်၊ အဲရွာတွေက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကျေးရွာမြေစာရင်းပေါက်ဖြစ်ပြီးတော့ မြေယာအရှုပ်အရှင်း ကင်းတဲ့ ကျေးရွာတွေကို ထုတ်ပေးတာပါ” ဟု ဆိုသည်။
ရက် ၁၀ဝ စီမံချက်ပါ အနှစ် ၃၀ မြေငှားဂရမ်ပြုလုပ်ပေးမည့်ရွာများတွင် ကျိုက်ထိုမြို့နယ်-သံတံတားကျေးရွာ၊ ဘီးလင်းမြို့နယ်-အနိုင်းပွန်ကျေးရွာ၊ သထုံမြို့နယ်- ချောင်းဝကျေးရွာ၊ ပေါင်မြို့နယ်-ရေးစုကွက်သစ်ကျေးရွာ၊ မော်လမြိုင်မြို့နယ်-ကော့ခပိုကျေးရွာ၊ ချောင်းဆုံမြို့နယ- မူးရစ်ကြီးကျေးရွာ၊ ကျိုက်မရောမြို့နယ်- ပေါ်ကျေးရွာ၊ မုဒုံမြို့နယ်-အခွန်ကျေးရွာ၊ သံဖြူဇရပ်မြို့နယ်-ပဒါငံကျေးရွာနှင့် ရေးမြို့နယ်- နှင်းစုံကျေးရွာတို့ ပါရှိသည်။
အဆိုပါကျေးရွာ ၁၀ ရွာတွင် မြေဧကပေါင်း ၄၁၅.၂၆၈ ဧကရှိသည်အနက် မူလရွာမြေဖြစ်သည့် ၁၄၇.၅၅၁ ဧကပေါ်ရှိ အိမ်ခြေ ၆၉၉ လုံးကို မြေဂရမ်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်သန်းဝင်းက ဆက်ပြောသည်။
အဆိုပါမေမြငှာဂရမ်းကို (က) အသက် ၁၈ ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊ (ခ) နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိသူ၊ (ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ရှိသူ၊ (ဃ) အခြားအရပ်ဒေသမှာ ပုံစံ (၁၀) ဖြင့် တရားဝင်ပြောင်းရွေ့လာပါက တစ်ဆက်စပ်တည်း (၁၂) နှစ်နေထိုင်သူ ဖြစ်ရမည် ဟု သတ်မှတ်ထားသည်။
မုဒုံမြို့နယ်၊ အခွန်ရွာအုပ်ချုပ်ရေးမှူး နိုင်သောင်းဟိန် က “တရွာလုံးကို မြေငှားဂရမ်လုပ်ပေးတာမဟုတ်ဘူး၊ ကျနော်တို့ရွာမှာ အခွန်လွတ်မြေဆိုတာရှိတယ်။ အဲသည့်မြေကိုသာ ဂရမ်လုပ်ပေးတာပါ၊ ဟိုးအရင်ကတည်းက ရွာဟောင်းမြေတွေပေါ့” ဟု ဆိုသည်။
အခွန်ရွာတွင်အိမ်ခြေ ၁၈ အိမ်ကို ဂရမ်လုပ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါမြေဧရိယာသည် ၄ ဧက ကျော်ရှိကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာမြေစာရင်းရုံးမှ တိုင်းတာခြင်းလုပ်ငန်း မလုပ်ဆောင်ရသေးကြောင်း၊ ကျန်ရှိသည့် အိမ်ခြေ ၁၀ဝ ကျော်သည် စားကျက်မြေဖြစ်သောကြောင့် ဂရမ်လုပ်ပေးရန်မရှိကြောင်း နိုင်သောင်းဟိန်က ဆက်ပြောသည်။
မြေငှာဂရမ်ထုတ်ပေးရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသည် (၁) လျှောက်ထားသူ၏ လျောက်လွှာ၊ (၂) ကန့်ကွက်ကြော်ငြာစာ (၁၅) ရက် ကြော်ငြာရပါမည်၊ (၃) လျောက်ထားမြေပေါ်ရှိ အဆောက်အဦ၏ (ရှေ့/ဘေးမြင်) ဓါတ်ပုံမှတ်တမ်း၊ (၄) လျောက်ထားသူ၏ ထွက်ဆိုချက်၊ (၅) ဘေးပတ်ဝန်းကျင်ထွက်ဆိုချက်၊ (၆) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ (၇) သက်ဆိုင်ရာမြေတိုင်းစာရေး၏ ထွက်ဆိုချက်၊ (၈) မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကွင်းဆင်းစစ်ဆေးချက်ပါရှိရမည်၊ (၉) မြို့နယ်/ခရိုင်/ပြည်နယ်စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ တင်ပြရပါမည်ဟု သိရသည်။
မွန်ပြည်နယ်တွင် ခရိုင် (၂) ခု၊ မြို့နယ် (၁၀) မြို့နယ်၊ မြို့ (၁၆) မြို့၊ ရပ်ကွက် (၁၀ဝ)၊ ကျေးရွာအပ်စု (၃၆၈) အုပ်စု၊ ကျေးရွာပေါင်း (၁၁၄၇) တို့ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၁၄ လူဦးရေသန်းခေါင်စာရင်း အချက်အလက်တွင် ဖော်ပြပါရှိသည်။