spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီတပ်ဖွဲ့ဖမ်းဆီးပစ်ခတ်၊ ဓားပြခေါင်းဆောင်ချမ်းဒိန်း ကျဆုံး

    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဖမ်းဆီးပစ်ခတ်၊ ဓားပြခေါင်းဆောင်ချမ်းဒိန်း ကျဆုံး

    -

    သေဆုံးသူ ဓါးပြခေါင်းဆောင် (photo: ‌ရေး‌ တောင်‌ပိုင်‌းသူတစ်‌ဦး)
    သေဆုံးသူ ဓါးပြခေါင်းဆောင် (photo: ‌ရေး‌ တောင်‌ပိုင်‌းသူတစ်‌ဦး)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မြောက်ပိုင်းတွင်လှုပ်ရှားနေသော ပြန်ပေး၊ ဓားပြအဖွဲ့ ခေါင်းဆောင်ချမ်းဒိန်းသည် မိမိတို့၏ လက်ချက်ဖြင့် ကျဆုံးသွားပြီ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်၊ အမှတ် ၂ တပ်ရင်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

    အထက်ပါ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အမှတ် ၂ တပ်ရင်း၏ တပ်ဖွဲ့ဝင်များသည် ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီးတွင် အခြေချသည့် ခလရ ၂၉၉ ၏ အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာရှိ ချမ်းဒိန်း စခန်းချလျှက်ရှိသော ကျွဲတောင်စခန်း၌ ဇူလိုင်လ ၇ ရက်နေ့တွင် ၎အား အရှင်ဖမ်းမိရာမှ မွန်ပြည်သစ် ဗဟိုဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားစဥ် လမ်းခုလတ်၌ ထွက်ပြေးသည့်အတွက် ပစ်ခတ်သေဆုံးခြင်း ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

    သူက “ချမ်းဒိန်း တပည့်တွေက မာန်အောင်ရွာကို ပြန်သွားတယ်လို့ ကြားထားတယ်။ မနက် ၂ နာရီလောက် ကျွန်တော်တို့ တပ်ဖွဲ့တွေ (ထားဝယ်ခရိုင် တပ်စခန်းတစ်နေရာက) သွားတာ ကျွဲတောင်စခန်းကို အာရုံတက်ချိန်လောက် ရောက်တယ်။ ချမ်းဒိန်းတစ်ယောက်တည်း တဲမှာ အိပ်ပျော်တုန်း ဖမ်းမိတာ” ဟု ဆိုသည်။

    “ဗဟိုကို ပို့ဖို့ လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ မိုးချုပ်ခါနီး ကျွန်တော်တို့ လူတွေ မောလို့ (ရေးမြို့နယ် တောင်ဘက်၊ မာန်အောင်ကျေးရွာ အရှေ့ဘက် တောတွင်း တစ်နေရာမှာ) ခဏနားပြီး ဆေးလိပ်သောက်တဲ့ အချိန်မှာ ချမ်းဒိန်းက ထွက်ပြေးလို့ ပစ်လိုက်တာ ခေါင်းမှာထိပြီး ကျောက်တုံးနဲ့ သွားဆောက်တယ်။ အဲဒီမှာပဲ သေတယ်။ ၅ နာရီခွဲ ၆ နာရီဝန်းကျင်လောက်” ဟု ပြောသည်။

    ချမ်းဒိန်းအား ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းရာမှ လက်နက်မျိုးစုံ ၁၀ လက်၊ ခဲယမ်းမီးကျောက်များနှင့် လက်ကိုင်ဖုန်း အပါအဝင် စပ်ဆက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု အထက်ပါ အရာရှိက ပြောသည်။

    ချမ်းဒိန်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၈ ရက်နေ့တွင် ရေးမြို့၊ ပြည်သူ့ဆေးရုံသို့ သယ်ဆောင်လာပြီး သေဆုံးသူမှာ ပြန်ပေးအဖွဲ့ ခေါင်းဆောင် ချမ်းဒိန်း ဟုတ်၊ မဟုတ် စစ်ဆေးခဲ့ပြီး ဟုတ်မှန်ကြောင်း အတည်ပြုကာ၊ ရေးမြို့ သုဿာန်တွင် မြှုပ်နှံလိုက်သည်ဟု အစိုးရတပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

    အသက် ၅၀ နှစ် ဝန်းကျင်ရှိ ချမ်းဒိန်းသည် မွန်ပြည်သစ်ပါတီ ပထမအကြိမ် အပစ်အခတ် မရပ်စဲမီ (၁၉၉၅ မတိုင်ခင်) က မွန်ပြည်သစ် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားသူ နိုင်ပန်းညွန့်၏ ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီ (HRP) သို့ ဝင်ရောက်ခဲ့သည်။

    ၂၀၀၂ ခုနှစ် အောက်တိုဘာလတွင် မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်မင်းထွဋ်ကို မွန်ပြည်သစ် ဗဟိုဌာနချုပ်အနီးရှိ ပနန်းဘုံကျေးရွာလုပ်ကြံမှုတွင် နိုင်မင်းထွဋ်နှင့်အတူ ပါတီဝင် ၃ ဦး ကျဆုံးကာ ရွာသား ၂ ဦးလည်း သေဆုံးခဲ့သည်။

    ထို့နောက် ၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်စခန်းသို့ အညံ့ခံကာ ပြန်လည်ဝင်ရောက်လာသော်လည်း မကြာမီတွင်ပင် မွန်ပြည်သစ်မှ တဖန်ထွက်ပြေးသွားခဲ့သည်။

    နောက်ပိုင်းတွင် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီ (HRP) မှ တဖန်ခွဲထွက်ပြီး၊ မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မြောက်ပိုင်းတွင် ဆက်ကြေးကောက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်းနှင့် လူသတ်ခြင်း ပြစ်မှုပေါင်း များစွာကို ကျူးလွန်ခဲ့သူ ဖြစ်သည်ဟု သတင်းမှတ်တမ်းအရ သိရသည်။

    ချမ်းဒိန်းသည် ၂၀၀၆ ခုနှစ်အတွင်း ရေးတောင်ပိုင်းနှင့် ရေဖြူ မြောက်ပိုင်းတွင် လူ ၁၀ ဦးထက်မနည်းကို ခေါင်းဖြတ်သတ်ခဲ့ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts