Homeသတင်းကျိုက်ထိုတွင် စစ်တပ် စစ်ကြောင်းထိုးစဉ် ဒေသခံနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

ကျိုက်ထိုတွင် စစ်တပ် စစ်ကြောင်းထိုးစဉ် ဒေသခံနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာချိန်နှင့် စစ်ကြောင်း ပြန်ဆုတ်သွားချိန်တွင် ဒေသခံနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသတွင်းက သတင်းအရင်းမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး အင်အား ၁၂၀၀ ခန့်ရှိသည့် စစ်တပ် စစ်ကြောင်းက ကျိုက်ထိုမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့က စစ်ကြောင်း ပြန်ဆုတ်သွားခဲ့သည်။

စစ်တပ် စစ်ကြောင်းထိုးရာတလျှောက်ရှိ ကောကပ်၊ နတ်စင်၊ ကျောက်ဖျာ၊ ချောင်းစောက်၊ မိုးဘော၊ ခမောက်ခွေ အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

“အိမ်တွေကို မီးရှို့သွားတာရှိတယ်။ တချို့အိမ်ဆို ပစ္စည်းတွေယူသွားတယ်။ ယူသွားလို့မရတာတွေကို ဖျက်ဆီးလိုက်တယ်။ အိမ်တွေကိုလည်း ဖျက်ဆီးတယ်။ စစ်ကြောင်းဝင်သွားတဲ့ ရွာတွေတလျှောက် အဲလို လုပ်သွားတယ်။” ဟု ဒေသတွင်းက စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

ဒေသတွင်း စစ်တပ် စစ်ကြောင်းထိုဝင်ရောက်လာခြင်းကြောင့် ကညင်အိုင်၊ ဇီးပြောင်း (၁)ကနေ ဇီးပြောင်း(၆) ကျေးရွာ၊ ဝါးဒက်ကွင်း၊ ဝင်းကံ၊ ကျောက်ရေတွင်း၊ ပျဉ်းကတိုးကုန်း၊ ပိန္နဲကုန်း အစရှိသည့် ကျေးရွာများက ဒေသခံအရပ်သားပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်တပ် စစ်ကြောင်းထိုးစဉ် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှု ရှိသည်။

စစ်တပ်ဘက်ကတော့ ကျိုက်ထိုမြို့နယ်အတွင်းရှိ KNLA ၊ PDF စခန်းပေါင်း ၂၈ ခု သိမ်းယူနိုင်ခဲ့ပြီး PDF ၇ ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်အတွင်းကို စစ်တပ်က အင်အားအလုံအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်များလည်း ဆက်တိုက် ပြုလုပ်နေသည်။

ပုံစာ – စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်များ

ပုံခရက်တစ် – KIC

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts