ပြည်တွင်း ကြက်သွန်နီဈေးနှုန်း မြင့်တက်နေစဉ် မွန်ပြည်နယ် ကုန်စည် ဈေးကွက်အတွင်း ထိုင်းမှတင်သွင်းလာသည့် တရုတ်ကြက်သွန်နီများ ဝင်ရောက်မှုများပြီး ဝယ်လိုအားမြင့်တက်လာကြောင်း ကုန်စည်တင်သွင်းဖြန့်ဖြူးသူများမှ သိရသည်။
နိုဝင်ဘာလ ဒုတိယပတ်အတွင်း ပြည်တွင်းထွက် ကြက်သွန်နီဈေးနှုန်း ၂၅၀၀၀ ကျပ်အထိ တဟုန်ထိုးမြင့်တက်မှုကြောင့် ဈေးနှုန်းတစ်ဝက်အထိ သက်သာသည့် တရုတ်ကြက်သွန်များကို စားသုံးသူနှင့် လုပ်ငန်းလုပ်ကိုင်သူများ ယာယီဖြေရှင်းနည်းအဖြစ် အသုံးပြုလာရကြောင်း သိရသည်။
စစ်ကော်မရှင်အဖွဲ့မှ ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်ကြက်သွန်များ ဝင်ရောက်မှုကို စစ်ဆေးတင်းကြပ်ထားသော်လည်း မြို့ပေါ် ကုန်ဆုံဆိုင်ကြီးများတွင် တစ်ပတ် ပိသာ ၃၀၀ အထိ တရုတ်ကြက်သွန်များ အရောင်းအဝယ်ကောင်းကြောင်း မော်လမြိုင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးက နှစ်ဆနီးပါးကွာတယ်ဆိုတော့ အများစုက ထိုင်းကလာတဲ့ ကြက်သွန်တွေကို ဝယ်ကြတယ်။ တစ်ပတ်ကို ပိဿာ ၃၀၀ လောက် ရောင်းအားသွက်တယ်။ ဒါတောင်အများကြီး မတင်ရဲဘူး။ အချို့က ပြန်ရောင်းကြတယ်။ အချို့ကျတော့လည်း စားသောက်ဆိုင်မှာ သုံးဖို့လာဝယ်ကြတယ်။ ” ဟု သူမက ပြောသည်။
အရည်အသွေးနှင့် အရသာ ကွာခြားမှုရှိသဖြင့် ပြည်တွင်း ကြက်သွန်နီဈေးနှုန်း ပြန်ကျလာပါက တရုတ်ကြက်သွန်များကို ဆက်လက်ဝယ်မည် မဟုတ်ကြောင်း စားသုံးသူ အိမ်ရှင်အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
“ တရုတ်အလုံးတွေက ပွတယ် အရသာပေါ့တယ်။ ပြည်တွင်းကြက်သွန်ကတော့ စားကောင်းတယ်။ ကျစ်လစ်တယ်။ ဟင်းချက်တဲ့ အခါမှာ အနှစ်လုပ်လို့ရတယ်။ နိုင်ငံခြားကဟာ ကိုယ့်နိုင်ငံထဲဈေးနှုန်းသက်သက်သာသာနဲ့ ဝင်လာတော့ ကိုယ့်နိုင်ငံက ဘာစီးပွားရေးလုပ်လို့ရအုံးမလဲ။ ပြည်တွင်းကြက်သွန်ဈေးကို ပြန်ကျစေချင်တယ်။” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဈေးနှုန်းကျဆင်းမှုကြောင့် တောင်သူများ ကြက်သွန်စိုက်ဧက လျှာ့ချခဲ့ခြင်း၊ဒေသအချို့မှာ ရေကြီးမှုကြောင့် စိုက်ခင်းဧကထိခိုက်မှုရှိခြင်း၊ မိုးကြက်သွန်သစ်များဈေးကွက်ထဲ အလောက်အလုံ မဝင်ရောက်သေးခြင်းနှင့် ပြည်တွင်းပြည်ပ ဝယ်လိုအားမြင့်တက်ခြင်းတို့ကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။
လက်ရှိလမ်းပန်းပို့ဆောင်ရေး အခက်အခဲများကြောင့် မြန်မာအထက်ပိုင်းမှ အောက်ပိုင်းသို့ မိုးကြက်သွန်နီသစ်များက ဝင်ရောက်လာနိုင်ရန် အချိန်ကြာမြင့်နိုင်ပြီး ဒီဇင်ဘာလကုန်ပိုင်းမှသာဈေးနှုန်းပြန်ကျနိုင်မည်ဖြစ်ကြောင်း မော်လမြိုင်မြို့ကြက်သွန်အရောင်းဒိုင်တစ်ဦးက ခန့်မှန်းထားသည်။
ယခုရက်ပိုင်းအတွင်း စစ်အစိုးရက ထိုင်းနိုင်ငံမှတစ်ဆင့် မော်လမြိုင်မြို့အတွင်း ဝင်ရောက်လာနေသည့် ကြက်သွန်နီများကို အခွန်မဆောင်ဘဲ တရားမဝင် တင်သွင်းနေသည့် အကြောင်းပြချက်ဖြင့် လိုက်လံစစ်ဆေးနေသည်ဟုလည်း သိရသည်။




