ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ စံခလပူရီ မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီခန့်က စံခလပူရီ သစ်တောနှင့် ကုန်းမြင့်စိုက်ပျိုးရေးခြံအနီးတစ်ဝိုက်တွင် ထိုင်းအာဏာပိုင်များက နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်နေစဉ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို နမ်ကုတ် ပူးတွဲစစ်ဆေးရေးဂိတ်၏ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ တရားမဝင် ဝင်ထွက်သွားလာနိုင်သည့် သဘာဝတောလမ်းကြောင်းများကို ကင်းလှည့်စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသူများတွင် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၃၆ ဦး ပါဝင်ပြီး အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့အားလုံးထံတွင် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်နှင့် ခရီးသွားလာခွင့်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် စံခလပူရီရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားသည်။
စံခလပူရီအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးကာကွယ်ရန်နှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် ထိုင်းလုံခြုံရေးအဖွဲ့အစည်းများ ပူးပေါင်းကာ သဘာဝနယ်စပ်ဝင်ပေါက်များကို အရှိန်အဟုန်မြှင့် စောင့်ကြည့်ကင်းလှည့်လျက် ရှိသည်။




