Homeသတင်းချောင်းဆုံတွင် စားကျက်မြေပေါ် ကျူးကျော်ထားသည်ဆိုပြီး နေအိမ်ထောင်ချီ ဖယ်ရှားပေးရန် မြို့နယ်ထွေအုပ် နို့တစ်စာပို့

ချောင်းဆုံတွင် စားကျက်မြေပေါ် ကျူးကျော်ထားသည်ဆိုပြီး နေအိမ်ထောင်ချီ ဖယ်ရှားပေးရန် မြို့နယ်ထွေအုပ် နို့တစ်စာပို့

-

မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ်အတွင်း စားကျက်မြေများပေါ်တွင် ကျူးကျော်ထားသည်ဆိုပြီး နေအိမ်ထောင်ချီ ဖယ်ရှားပေးရန် စစ်အစိုးရ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နို့တစ်စာ ပေးပို့ထားကြောင်း ဒေသခံတို့က ပြောသည်။

နို့တစ်စာတွင် ထိုစားကျက်မြေများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတ်မှတ်ထိန်းသိမ်း စီမံခန့်ခွဲလျှက်ရှိသော မြေဖြစ်ပြီး၊ လူကြီးမင်းများသည် မိမိသဘောဆန္ဒအလျောက် နေအိမ်၊ အဆာက်အဦး၊ ခြံစည်းရိုးများ ကျူးကျော်ဆောက်လုပ်ခြင်း၊ သီးနှံများစိုက်ပျိုးခြင်း (သို့မဟုတ်) အခြားနည်းလမ်းဖြင့် အသုံးချ လုပ်ကိုင်နေသည်ဟု ပါရှိသည်။

ထိုစားကျက်မြေပေါ် ကျူးကျော်ထားသူများအနေဖြင့် နို့တစ်စာရရှိသည့်နေ့မှစ၍ မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

“ချောင်းဆုံမြို့ပေါ် (၃) ရပ်ကွက်မှာတောင် အိမ်ခြေက ၁၅၀၀ ကျော်ရှိပေမယ့် မြေဂရမ်ရှိတဲ့နေအိမ်က ဆယ်ဂဏန်းလောက်ဘဲရှိတယ်။ ကျန်တဲ့မြေတွေက ဟိုးအရင်ကတည်းက စားကျက်မြေတွေ၊ ဥယျာဉ်ခြံမြေတွေ၊ လယ်မြေတွေပေါ်မှာ ဆောက်လုပ်ထားကြတဲ့ အိမ်တွေ၊ ခြံတွေက များပါတယ်” ဟု ၎င်းက ပြောသည်။

မြို့နယ်ထွေအုပ်၏ နို့တစ်စာနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ နေအိမ် ဖယ်ရှားခံရမည်ကို စိုးရိမ်ပူပန်နေကြသည်ဟုလည်း ဆိုသည်။

နို့တစ်စာကို ချောင်းဆုံမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က နိုဝင်ဘာလဆန်းပိုင်းတွင် ဖြန့်ဝေထားကြောင်း ချောင်းဆုံမြို့ခံတစ်ဦးက ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်း၌ ခေတ်အဆက်ဆက်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စားကျက်မြေ၊ ပလပ်မြေ၊ ဥယျာဉ်ခြံ၊ လယ်ယာမြေများကို ရွာမြေဆိုပြီး အကွက်ရိုက် ရောင်းစားခဲ့ကြကြောင်း၊ သက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ထွေအုပ်၊ မြေစာရင်းတို့လည်း ပါဝင်ကြောင်း ကမာမိုးကျေးရွာခံတစ်ဦးက ပြောသည်။

“ချောင်းဆုံမြို့နယ်အတွင်းမှာက ခေတ်အဆက်ဆက် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စားကျက်မြေတွေ၊ ပလပ်မြေတွေ၊ ဥယျာဉ်ခြံတွေ၊ လယ်ယာမြေတွေကို ရွာမြေဆိုပြီးတော့ အကွက်ရိုက်ပြီး ရောင်းစားခဲ့ကြတာပါ။ ဒါကို သက်ဆိုင်ရာ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စာရင်းဦးစီးဌာနကအစ သိကြပါတယ်။ သူတို့သိကြသလို၊ ခရိုင်အဆင့်တာဝန်ရှိသူတွေ၊ ပြည်နယ်အဆင့် တာဝန်ရှိသူတွေလည်း သိကြမှာပါ။ အခုလိုအချိန်မှာမှ ဒီနို့တစ်စာကို ဘာကြောင့် ပို့ရသလဲဆိုတာကိုတော့ မသိရဘူး။” ဟု ၎င်းက ဆက်ပြောသည်။

စားကျက်မြေများပေါ် ကျူးကျော်ထားသည်ဆိုသည့်မြေများသည် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၇ အုပ်စုပါဝင်ပြီး ၎င်းထဲတွင် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာနေ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၏ နေအိမ်ပင်ပါဝင်ကြောင်း သိရသည်။

“လောလောဆယ်ဆယ်တော့ ဘာမှမလုပ်ရသေးဘူး။ စီမံကိန်းရှိမှ သူတို့ ပေးဖယ်ခိုင်းမယ်။ စီမံကိန်းမရှိရင် သူတို့ ဘာမှမလုပ်ဘူး။ စားကျက်မြေပေါ်မှာ ဆောက်ထားတဲ့အိမ်တွေ အများကြီးပဲ။ ပြီးတော့ အရင်က ဝန်ထမ်းတွေအတွက် စားကျက်မြေတွေ ပေးထားတယ်။ သူတို့က ဆောက်လုပ်ထားတယ်။ အခု အဲဝန်ထမ်းနေရာတွေမှာ စီမံကိန်းလုပ်ရမယ့် စားကျက်မြေစာရင်းမှာ ပါသွားလို့ နည်းနည်း ရှုပ်နေတယ်။ စီမံကိန်းလုပ်ရမယ့် မြေနဲ့ ညိနေရင် ရွှေ့ပေးရမယ်။ သက်သက်လာဖြိုတာတော့ မဟုတ်ဘူး။ တစ်ချို့ရွာကျတော့ အုပ်ချုပ်ရေးမှူးတွေက ၃ လပြည့်ရင် လက်မှတ်ထိုး ဖယ်ပေးရမယ်လို့ ပြောကြတယ်။ အဲလောက်တော့ တိတိကျကျ မဖြစ်သေးပါဘူး။ ချောင်းဆုံမှာ ရွာတိုင်းနီးပါးတော့ ထိတယ်။” ဟု ပြည်နယ်စစ်အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်း စားကျက်မြေများအပေါ်တည်ဆောက်ထားသည့် နေအိမ်အဆောက်အဦးများ ဖယ်ရှားရမည်ဆိုပါက ချောင်းဆုံမြို့ပေါ်ရပ်ကွက်တချို့က မြေဂရမ်ရှိသည့် နေအိမ်များမှအပ ကျန်မြို့နယ်တစ်ခုလုံး ဖယ်ရှားကြရမည်ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts