Homeသတင်းယာဉ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် မော်လမြိုင်မြို့တွင် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားနေ

ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် မော်လမြိုင်မြို့တွင် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားနေ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းပြီး ယာဉ်ကို မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားနေသည်ဟု မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။

ယာဉ်တိုက်မှု အများစုသည် အဝေးပြေးလမ်းမကြီးတွင် ဖြစ်ပွားပြီး မီနီအိုးဝေ၊ ဟိုက်ဂျက်ယာဉ်များ အဖြစ်များသည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပြောသည်။

မီနီအိုးဝေ၊ ဟိုက်ဂျက်နှင့် တက္ကစီများသည် သတ်မှတ်ချက်ထက် ခရီးသည်ပိုတင်ဆောင်ခြင်း၊ အရှိန်ဖြင့် မောင်းနှင်ခြင်းကြောင့် ယာဉ်တိုက်မှု အဖြစ်များပြီး ထိခိုက်သေဆုံးမှုလည်း များကြောင်း ဆိုသည်။

“ဟိုတလောက ဖြစ်သွားတာ အရှေ့က အိုးဝေမောင်းသူရယ် အနောက်က တစ်ယောက်ရယ်၊ နှစ်ယောက်လုံးသေသွားတယ်။ ဘယ်လောက်အရှိန်ပြင်းပြင်း မောင်းတာလဲကို အံ့သြတယ်။ ပြီးတော့ အိုးဝေတို့၊ ဟိုက်ဂျက်တို့ဆိုရင်လည်း ခရီးသည်တင်ယာဉ်တွေလေ ကားသေးသေးလေးနဲ့ လူအရမ်းတင်တာ” ဟု မော်လမြိုင်မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့တွင် ညပိုင်း ၁၂ နာရီနောက်ပိုင်း အသွားလလာကန့်သတ်ချက်ထားကြောင့် ညဘက် အချိန်မှီ ခရီးသည်ပို့ဆောင်ရန် အရှိန်မြှင့် မောင်းခြင်းကြောင့်လည်း ယာဉ်မတော်တဆမှု ဖြစ်ပွားစေသည်။

၎င်းပြင် ကုန်တင်ယာဉ်တွဲကားများကြောင့် ယာဉ်တိုက်ခိုက်မှု ဖြစ်ပွားသည်ရှိသလို ယာဉ်များ ကွေ့ရာတွင် အချက်ပြမီးမပြခြင်း၊ မီးပွိုင့် ဖြတ်မောင်းခြင်းနှင့် လမ်းမအလယ်တည့်တည့်ပေါ် တက်မောင်းခြင်းကြောင့်လည်း ယာဉ်မတော်တဆ တိုက်ပွားနေသည်။

မော်လမြိုင်မြို့နေ အမျိုးသားတစ်ဦးကတော့ “အိုးဝေမောင်းသမားတွေ အဆိုးဆုံးပဲ။ မြို့ထဲမှာကို အရှိန်ပြင်း‌ပြင်းမောင်းကြတာ။ အကွေ့တွေ ဘာတွေဆိုလည်း လမ်းမယူဘဲ ကွေ့လိုက်ကြတာမျိုး၊ အချက်ပြမီး မပြကြတာမျိုးတွေ ရှိတယ်။ ဆိုင်ကယ်တွေဆိုရင်လည်း အဲ့အတိုင်းဘဲ။ ညဘက်မှာတော့ ကားတွေရော ဆိုင်ကယ်တွေပါ အရှိန်ပြင်းပြင်း မောင်းကြလို့ ယာဉ်တိုက်မှုတွေ အဖြစ်များတယ်” ဟု ၎င်း၏အတွေ့အကြုံကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းက မော်လမြိုင်−မုဒုံလမ်းပိုင်းတွင် ရပ်ထားသည့်တွဲကားတစ်စီးကို ခရီးသည်တင်ဆောင်လာသော မီနီအိုးဝေတစ်စီးက အနောက်ဘက်မှ ဝင်တိုက်သဖြင့် ယာဉ်မောင်းအပါအဝင် လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

မော်လမြိုင်မြို့ပေါ်တွင် နိုဝင်ဘာလအတွင်း၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိကြောင်း မြို့တွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အချက်အလက်များအရ သိရသည်။

ယာဉ်တိုက်မှု လျှော့ချနိုင်ရေး ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်းလိုက်နာပြီး သတ်မှတ်ထားသော အရှိန်နှင့် ခရီးသည်များ တင်ဆောင်ကြရန်လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts