မြန်မာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းလာပြီး ပဋိပက္ခနှင့်ဆက်စပ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမိုကြီးထွားလာနေကြောင်း Myanmar Women, Peace and Security (M-WPS) ဖိုရမ်မှ ထောက်ပြပြောဆိုလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအသစ်များနှင့် ပတ်သက်၍ “မြန်မာနိုင်ငံ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လက်ရှိစိန်ခေါ်မှုများနှင့် ကမ္ဘာ့ရေစီးကြောင်းများ” ခေါင်းစဉ်ဖြင့် M-WPS အဖွဲ့က ဦးဆောင်ကာ နှစ်ရက်ကြာ ဆွေးနွေးပွဲဖိုရမ်တစ်ရပ်ကို ကျင်းပခဲ့သည်။
ဖိုရမ်တွင် မြန်မာနိုင်ငံ၌ ပဋိပက္ခများ ရှည်ကြာလာခြင်းနှင့်အတူ အမျိုးသမီးများကို ကာကွယ်ပေးနိုင်သည့် ဥပဒေယန္တရားများ အားနည်းနေမှုကို အခွင့်ကောင်းယူကာ ပဋိပက္ခနှင့်ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပိုမိုကြီးထွားလာနေကြောင်း ဖိုရမ်တက်ရောက်သူများက ထောက်ပြခဲ့သည်။
(M-WPS) ဖိုရမ်မှ စစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့အား တရားဝင်မှုရရှိစေရန် ရည်ရွယ်သည့် ထိတွေ့ဆက်ဆံမှုများကို ရပ်တန့်ရန်၊ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရန်အချက်များ အပါအဝင် လက်ရှိမြန်မာမျိုးသမီးများ ကြုံတွေ့နေရသည့် မလုံခြုံမှုများကို ဖြေရှင်းနိုင်ရေးအတွက် တောင်းဆိုချက် ၇ ချက်ကိုလည်း ထုတ်ပြန်တောင်းဆိုခဲ့သည်။
စစ်ကော်မရှင်အဖွဲ့၏ တင်းကျပ်သည့် စည်းမျဉ်းများကြောင့် မြေပြင်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အမျိုးသမီးအဖွဲ့များအနေဖြင့် ပဋိပက္ခနှင့်ဆက်နွှယ်သည့် အကြမ်းဖက်မှုများနှင့် လိင်အခြေပြုအကြမ်းဖက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသည့် အမျိုးသမီးများအား ထိရောက်သည့် အကူအညီများ ပေးအပ်နိုင်ခြင်းမရှိသည့်အပြင် ၎င်းတို့အတွက် တရားမျှတမှုရရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် အခြေအနေတွင် ရှိနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူတို့က ဆိုသည်။
ပဋိပက္ခဒေသတွင် လက်နက်ကိုင်အဖွဲ့မှ ကျေးရွာနှင့် လူနေအိမ်များအတွင်း ဝင်ရောက်နေထိုင်ပြီးနောက် အလွယ်တကူ မထွက်ခွာသဖြင့် အသက်မပြည့်သေးသူအမျိုးသမီးငယ်များ အဆိုပါလက်နက်ကိုင်အဖွဲ့နှင့် အိမ်ထောင်ကျနေရသည့် အခြေအနေများလည်းရှိကြောင်းလည်း မွန်မှ အမျိုးသမီးအရေးဆောင်ရွက်နေသူများက ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်အခြေအနေများကြောင့် အမျိုးသမီးများ၏ လုံခြုံရေးနှင့် အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် အရေးတကြီး လိုအပ်နေကြောင်းလည်း ဖိုရမ်တွင် ဆွေးနွေးထောက်ပြခဲ့ကြသည်။




