သုံးသပ်ချက်ဆောင်းပါး-ဂညန်း
မွန်ဒေသတွင် ဆန်၊ စပါး၊ ရော်ဘာ၊ ဝဥနှင့် ကွမ်းသီး စသည့်စိုက်ပျိုးရေးထွက်ကုန်များ ယခုနိုဝင်ဘာလအတွင်း ဈေးနှုန်းအမြင့်ဆုံးရရှိလာနေသဖြင့် စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူများအတွက် အဆင်ပြေမှုအချို့ ရှိလာနေကြောင်း သိရသည်။
ဈေးနှုန်းမြင့်တက်လာမှုနှင့် ပတ်သက်၍ ကုန်သည်အသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိချက်အရ ဒေသထွက်ဝဥမှာ တစ်ပိဿာ ၄,၄၀၀ ကျပ်၊ ရာဘာတစ်ပေါင် ၄,၀၀၀ ကျော်နှင့် စပါးတင်းတစ်ရာဈေးနှုန်း သိန်း ၄၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး ယခင်နှစ်များနှင့်မတူဘဲ ဈေးကွက်တက်ရိပ်ပြနေခြင်း ဖြစ်သည်။
ဒေသထွက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးရေးကုန်ကျစရိတ်များကို ကာမိစေသော်လည်း ဒေသတွင်းကုန်သွယ်မှုနှင့် စီးပွားရေးလည်ပတ်မှုကိုမူ အတိုင်းအတာတစ်ခုအထိသာ အထောက်အကူဖြစ်စေနိုင်သေးကြောင်း ရာဘာလုပ်ငန်းရှင်တစ်ဦးက မုဒုံမှ ရာဘာလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကသုံးသပ်သည်။

၎င်းက လက်ရှိဈေးတက်လာခြင်းမှာ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အညီ လိုက်လျောညီထွေစွာ မြင့်တက်လာသည့် သဘောသာဖြစ်ကြောင်းသည်ဟု သူမက ပြောသည်။
“ ရာဘာတစ်ခါရောင်းရင် ၃၀ ပေါင်ဆိုရင် သိန်းကျော်လောက်ရတယ်။ ကုန်ဈေးနဲ့တွက်ရင် ကိုက်ညီပါတယ်လေ ဈေးကောင်းတာလို့တောင် မဆိုရဘူး။ ကိုယ့်ထွက်ကုန်ထဲတက်တဲ့ သဘောဆိုတော့လည်း အသုံးစရိတ်ကာမိတဲ့ အနေအထားလောက်ပါပဲ” ဟု ဆိုသည်၊
သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းနှင့် စစ်မှုထမ်းကိစ္စကြောင့် အထွေထွေလုပ်သားရှားပါးကာ ကုန်ထုတ်လုပ်မှုလည်ပတ်နိုင်စွမ်း အားနည်းနေသော်လည်း တရုတ်နိုင်ငံဘက်မှ အဝယ်လမ်းကြောင်းများ ပွင့်လာပြီး ဒေသထွက်သီးနှံများအပေါ် ဝယ်လိုအားများပြားလျက်ရှိသည်။
ယင်းနှင့်ပတ်သက်၍ မွန်ဒေသစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ကိုယ့်မှာပုံမှန်ထုတ်လုပ်နိုင်တဲ့ စွမ်းအားရှိပြီး ဟိုဘက်ဝယ်လက်ကလည်း များလို့ သူ့ဟာနဲ့သူ ဈေးတက်လာတယ်ဆိုတော့ ဒီလုပ်ငန်းလည်း တစ်ဖြည်းဖြည်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာနိုင်တာတော့ ရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထို့အပြင် ဝဥဈေးနှုန်းမှာ ရာသီကုန်ခါနီးဖြစ်ပြီး ကုန်ကြမ်းထွက်ရှိမှု နည်းပါးခြင်းနှင့် တရုတ်နိုင်ငံနှင့် ပြည်တွင်းဈေးကွက်တို့တွင် ဝယ်ယူမှုများပြားနေသည့်အတွက် ဈေးနှုန်းများ ဆက်လက်တက်လာနိုင်သေးကြောင်း ရေးမြို့နယ်ရှိ ဝဥရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
သို့သော်လည်း ပြည်တွင်းထွက်ကုန်အများစုသည် ပြည်ပဈေးကွက်ကို အဓိကအားကိုးနေရသည့်အတွက် တင်ပို့မှုအခြေအနေ၊ သယ်ယူပို့ဆောင်စရိတ်နှင့် ပြည်ပဈေးကွက်ဝယ်လိုအားတို့အပေါ် မူတည်ကာ ဈေးနှုန်းအတက်အကျ မြန်ဆန်လေ့ရှိပြီး ရေရှည်တည်ငြိမ်သည့် ဈေးကွက်အာမခံချက် မရှိသေးကြောင်း စီးပွားရေးသုံးသပ်သူတစ်ဦးက ထောက်ပြထားသည်။
“ကိုယ့်ဒေသထွက်ကုန် တော်တော်များများ ရော်ဘာပြောပြော၊ ဝဥနဲ့ အခြားထွက်ကုန်လည်း ပြည်ပအားကိုး နေရတယ်။ ကုန်ကြမ်းသဘောလောက်ပဲထွက်ပြီးတော့ သူတို့ဆီမှာ နောက်ဆုံးအဆင့် ကုန်ချော ထုတ်ရတဲ့ အဆင့်၊ အဲ့လို့အားကိုးရတဲ့နေရာမှာ ပြည်ပကိုတင်ပို့ဖို့ ဘယ်လောက်လွယ်ကူသလဲ။ စရိတ်စခတွေက ချိုသာပြီးတော့ ဘယ်လောက် အသင့်တင့် ဖြစ်နေသလဲ၊ အဲ့အပေါ်မှာအခြေခံတယ်။ ပြည်ပကိုအားကိုး နေရတဲ့အတွက် အတက်အကျကတော့ အပြောင်းအလဲ ဖြစ်နေအုံးမှာပဲ” ဟု ၎င်းကပြောသည်။
တစ်ဖက်တွင်လည်း မော်လမြိုင်-ရန်ကုန်လမ်းပိုင်းတွင် တရားမဝင် ကုန်ပစ္စည်း တင်သွင်းပေးပို့မှု စစ်ဆေးတင်းကြပ်ထားခြင်းတို့ကြောင့် ပြည်ပနှင့် အခြားဒေသဈေးကွက်များသို့ အချိန်မီတင်ပို့နိုင်ရန် ခက်ခဲလာပြီး ထုတ်လုပ်မှုကွင်းဆက်များကိုပါ ထိခိုက်နေသည်။
နယ်မြေဒေသ တည်ငြိမ်မှုရှိလာပါက လက်ရှိကြုံတွေ့နေရသည့် လုပ်သားရှားပါးသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကာ ထုတ်လုပ်မှုနှုန်းများ မြင့်တက်လာမည်ဖြစ်ပြီး ထွက်ရှိလာသည့် ကုန်ကြမ်းများကို ပြည်ပဈေးကွက်နှင့် အခြားဒေသများသို့ ချောမွေ့စွာ တင်ပို့နိုင်မှသာ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် လုပ်ငန်းများ ကျယ်ပြန့်တိုးတက်လာနိုင်မည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
သို့သော်လည်း လက်ရှိတွင် ဒေသထွက်ကုန်များ ဈေးကောင်းရနေသော်လည်း ကုန်ပစ္စည်းများကို ရေရှည်သိုလှောင်ရန်အတွက် သိုလှောင်စရိတ်နှင့် လုပ်ငန်းလည်ပတ်မည့် ငွေကြေးလိုအပ်ချက်များကြောင့် မလွယ်ကူလှသဖြင့် ကုန်ကြမ်းများကို လက်ရှိဈေးကွက်အခြေအနေအလိုက်သာ ရောင်းချနေရပြီး ဈေးနှုန်းအတက်အကျပေါ်တွင်သာ ဆက်လက်မှီခိုနေရဦးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်တင်ပြထားသည်။
မွန်ဒေသတွင် ဆန်စပါး၊ ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းအပြင် ဥယာဉ်ခြံလုပ်ငန်းများမှ ကျွဲကော၊ ဒူးရင်း၊ သီဟိုဌ်၊ သံပုရာ၊ သရက်နှင့် ကွမ်းသီးများ စိုက်ပျိုးထွက်ရှိပြီး ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းမှလည်း ငပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် ပင်လယ်ဆားငံရည်မှ နေလှမ်းဆားများ ထုတ်လုပ်လျက်ရှိပါသည်။
စစ်အာဏာသိမ်းကာလနောက်ပိုင်း အထွေထွေအကြပ်အတည်းကြောင့် အဆိုပါလုပ်ငန်းကို ရသမျှနည်းဖြင့် မိရိုးဖလာအစဉ်အဆက်မှ လုပ်ကိုင်လာကြသည့်ပုံစံအတိုင်း ဆက်လက်လုပ်ကိုင်နေကြကြောင်း သိရသည်။




