မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်နယ်မြေ၊ သရက်ကုန်းရပ်ကွက်ရှိ ဆရာဝန်တစ်ဦး၏ နေအိမ် ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်းများနှင့် ပိုက်ဆံ စုစုပေါင်း ကျပ်သိန်း ၁၁၆၀ ကျော် ပါသွားကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
သီရိမြိုင်နယ်မြေ၊ သရက်ကုန်းရပ်ကွက်၊ မှော်ရုံကျောင်းတိုက်အရှေ့ “လှိုင်လင်း” အမည်ဖြင့် ဆေးခန်း ဖွင့်လှစ်ထားသည့် ဒေါက်တာနေလင်းအောင်၏ နေအိမ် နိုဝင်ဘာလ ၈ ရက်နေ့က ဖောက်ထွင်းခံရခြင်းဖြစ်သည်။
ဒေါက်တာနေလင်းအောင်နှင့် ဇနီးဖြစ်သူတို့သည် ည ၈ နာရီအချိန်ခန်တွင် ဆေးခန်းပိတ်ပြီး နေအိမ်သို့ပြန်လာချိန် အိမ်နောက်ဖေးတံခါးမကြီး ပွင့်နေသည်ကို တွေ့ရှိပြီးနောက် နေအိမ်အိပ်ခန်းအတွင်း ဝင်ကြည့်ရမှ ဖောက်ထွင်းခံထားရသည်ကို သိရှိရသည်ဟု ဆိုသည်။

“သူ့ (ဆရာဝန်) အိမ်ကတော့ ဆေးခန်းရဲ့အနောက် လမ်းမှာရှိတာပါ။ အခုက ဆရာဝန်ရဲ့ နေအိမ် ဖောက်ထွင်းခံရတာပါ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ရွှေထည်၊ စိန်ထည်နှင့် ငွေစက္ကူ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၁၆၀ ကျော် ပျောက်ဆုံးနေသည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး နေအိမ်ဖောက်ထွင်းပြီး ရွှေထည်၊ စိန်ထည်နှင့် ငွေစက္ကူများ ခိုးယူသွားသူ မုပွန်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုရေးဖွင့်အရေးယူထားသည်။
သက်ဆိုင်ကလည်း နေအိမ်ဖောက်ထွင်းပြီး ရွှေထည်၊ စိန်ထည်နှင့် ငွေစက္ကူများ ခိုးယူသွားသူများ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ထဲကို မျက်နှာဖုံးအနက်ရောင်စွပ်ထားပြီး ပစ္စတို သေနတ် ကိုင်ဆောင်ထားသည့် လူ ၃ ဦးက ဓါးပြဝင်တိုက်မှု ဖြစ်ပွားခဲ့သေးသည်။



