ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဝီရဌာနေမြို့နယ်အတွင်းရှိ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများနှင့် လူနေရပ်ကွက်များကို စစ်တပ်က နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက်တည်းတွင် ရှေ့ဆင့်နောက်ဆင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ကျောက်တော်မြိုနယ်၊ ဝါးတောင်ကျေးရွာနှင့် ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားသည့် တံတားကို စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တံတား ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လမ်းသွားလမ်းလာ အပြစ်မဲ့ ခရီးသွားပြည်သူ ၇ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ မြောက်ဦးမြိုနယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ယာယီဆေးကုခန်း၊ သားဖွားဆောင်နှင့် ပတ်ဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် Cluster ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၅ ဦး သေဆုံးကာ၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဆေးဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။
ထိုနေ့ ညနေ ၅ နာရီဝန်းကျင်တွင်ပင် ကျောက်ဖြူမြိုနယ်၊ စနဲမင်းပြင်ရွာကို ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ အရပ်သား အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
စစ်တပ်က ဝီရဌာနေမြိုပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့ကိုလည်း Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းနှင့် ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များ၊ လူနေအိမ်များလည်း ထိခိုက်ပျက်စီးသွားသည်ဟု AA က ထုတ်ပြန်ထားသည်။



