Homeသတင်းမော်လမြိုင် လှိုင်ရတနာအိမ်ယာစီမံကိန်း အလုပ်သမားတစ်ဦးကို လူတစ်စုက အဓမ္မဖမ်းဆီး

မော်လမြိုင် လှိုင်ရတနာအိမ်ယာစီမံကိန်း အလုပ်သမားတစ်ဦးကို လူတစ်စုက အဓမ္မဖမ်းဆီး

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရတနာအိမ်ယာစီမံကိန်းက အလုပ်သမားတစ်ဦးကို လူတစ်စုက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က လှိုင်ရတနာအိမ်ယာစီမံကိန်းတွင် ရေမြောင်းလုပ်ငန်းလုပ်ကိုင်နေသည့် အသက် ၄၂ အရွယ် ဦးမြင့်လွင်ဦးဆိုသူသည် လမ်းပေါ်တွင် ဖုန်းပြောနေစဉ် အရပ်ပုပု ထိပ်ပြောင်ပြောင်နှင့် တက်တူးထိုးထားသည့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်စီးဦးထုပ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

ထိုနောက် အပြာရောင် Honda Fit ကားတစ်စီးရောက်လာပြီး ဦးမြင့်လွင်ဦးကို ကားပေါ်တင်ခေါ်သွားသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“Honda Fit တစ်စီးရောက်လာပြီး ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ မြင့်လွင်ဦးကို ကားပေါ် တင်ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။

ဦးမြင့်လွင်ဦးအား လူတစ်စုက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် မိသားစုဝင်များက ကျားဖောင် သို့မဟုတ် စစ်မှုထမ်းအဖြစ် ရောင်းစားခံရမည်ကို စိုးရိမ်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် လူပျောက်မှုတိုင်ကြားထားသည်ဟု ၎င်းက ဆက်ပြောသည်။

လှိုင်ရတနာအိမ်ယာစီမံကိန်းအတွင်း အကြောင်းအမျိုးမျိုးဖြင့် အလုပ်သမား ပျောက်ဆုံးမှု ရှိနေကြောင်းနှင့် ရေလုပ်သား သို့မဟုတ် စစ်မှုထမ်းအဖြစ် ရောင်းစားနေကြသည့် ပြည်သူ့စစ်၊ လုံ/နယ်အဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့တို့၏ အဓမ္မဖမ်းဆီးခြင်းခံနေကြရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း‌ နေ့စဉ်လိုလို လူပျောက်ဆုံးနေသည့်ဖြစ်စဉ်များဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ်အတွင်းကလည်း မော်လမြိုင်မြို့တွင် နေထိုင်သည့် စိတ်ဝေဒနာရှင် မောင်ဝေယံအောင်ဆိုသူကို ဆိုင်ကယ် Taxi မောင်းသမားက ကျိုက္ခမီမြို့ရှိ လူပွဲစားထံ ရောင်းစားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts