တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ရေကြီးမြေပြိုမှုကြောင့် ဘေးသင့်ခဲ့သည့် ဒေသခံပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများ ဆက်လက် လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
သဘာဝဘေးသင့်ပြည်သူများအတွက် ရေတိုအရေးပေါ် စားနပ်ရိက္ခာအချို့သာ လာရောက်လှူဒါန်းထားသဖြင့် ရေရှည်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မှုများ အလွန်အားနည်းနေကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“ပြန်လည်ထူထောင်ရေးက ဒီသရက်ချောင်းဘက်မှာဆို အလှူရှင်သိပ်မရှိဘူး တအားအရောက်နည်းတယ် အရေးပေါ် စားနပ်ရိက္ခာလောက်ပဲရောက်တယ်၊ ပြန်လည်ထူထောင်ရေးအတွက်က တော်တော်အားနည်းတာ တွေ့ရပါတယ်။ သရက်ချောင်းမြို့နယ်က လောင်းလုံမြို့နယ်ထက် အလှူရှင်တွေနည်းတယ် လောင်းလုံဘက်က ပိုပြီး ရောက်များတယ်။” ဟု ပြောသည်။
သရက်ချောင်းမြို့နယ်အတွင်း အလှူရှင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်မှု အလွန်နည်းပါးနေရခြင်းသည် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးအခြေအနေနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ဖြစ်သည်ဟုလည်း ဆက်ပြောသည်။
စက်တင်ဘာလ ၂၉ ရက်နေ့မှ စ၍ သဘာဝဘေးသင့်နေသည့် အချိန်ကာလအတွင်း သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကော်မရှင်စစ်တပ်က စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများလည်း အောက်တိုဘာ ၂၂ ရက်နေ့အထိ ဖြစ်ပွားနေသည်။
ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့၏ စစ်ကြောင်းထိုးမှုများအတွင်း ဒေသခံအရပ်သားများကို မတရားဖမ်းဆီးသတ်ဖြတ်မှုများလည်း ရှိနေသည်။
“ ဒေသခံတွေ သဘာဝဘေးကြုံနေရတဲ့အချိန်ကတည်းက သူတို့ စစ်ကြောင်းထိုးလာတယ်၊ ကယ်ဆယ်ရေးအဖွဲ့ကို ဖိအားပေးတယ်၊ မပေးလာဘူး။ အခုဆို ဒီမြို့နယ်က ဒေသခံတွေ ဒုက္ခအမျိုးအမျိုးနဲ့ကြုံနေရတယ် စက်တင်ဘာလ ၂၉ ရက်နေ့ကတည်းကပဲ။ ” သရက်ချောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
အဆိုပါအခြေအနေကြောင့် သဘာဝဘေးကြုံတွေ့နေရသည့် ဒေသခံပြည်သူများ စစ်ဘေးပါ ထပ်မံတိမ်းရှောင်နေရကြောင်း ၎င်းက ဆက်ဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၂ ညနေပိုင်းကလည်း သရက်ချောင်းမြို့နယ်၊ ကတွဲရွာတွင် စစစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လေယာဉ်နှစ်စီးဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။
စက်တင်ဘာလ နောက်ဆုံးအပတ်က မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် သရက်ချောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုတွင် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် အရပ်သား ၈ ဦးခန့်လည်း သေဆုံးခဲ့ရသည်။



