Homeဆောင်းပါးပြည်နယ်အမည်ပြောင်းလဲခြင်းက ပြည်တွင်းစစ်ကို ပိုကြီးထွားစေနိုင်

ပြည်နယ်အမည်ပြောင်းလဲခြင်းက ပြည်တွင်းစစ်ကို ပိုကြီးထွားစေနိုင်

-

လူမျိုးစုအမည်ဖြင့် သတ်မှတ်ထားသော ပြည်နယ်များကို အခြားအမည်များဖြင့် ပြောင်းလဲသတ်မှတ်မည်ဆိုပါက ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်သည့်အပြင် လက်ရှိဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကို ပိုမိုကြီးထွားလာစေနိုင်ကြောင်း တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဦးမင်းအောင်လှိုင်က ဒေသအတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မည့် ပြည်နယ်အမည်များ သတ်မှတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြရန် ပြောကြားခဲ့သည်။

လူမျိုးစုအမည်ဖြင့် သတ်မှတ်ထားသော ပြည်နယ်အမည်များကို ပြောင်းလဲခြင်းသည် ငြိမ်းချမ်းရေးရရှိစေမည်မဟုတ်သည့်အပြင် ယခင်ကတည်းက ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကို ပိုမိုကြီးထွားလာစေနိုင်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက ပြောသည်။

“အဲဒီတစ်ခုကို သွားထိလိုက်တာနဲ့ ငြိမ်းချမ်းရေး မရနိုင်တဲ့အပြင် ပိုပြီးမှ ပြည်တွင်းပဋိပက္ခက ပိုကြီးပွားလာနိုင်မှာဖြစ်တယ်၊ အဲဒီစကားတစ်ခွန်းကြောင့် ကျနော်တို့ တိုင်းရင်းသားကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီဗျ၊ တိုင်းရင်းသားတွေ လိုချင်တာက ဖက်ဒရယ်ကို အဓိကထားတယ်၊ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီ ဒါပေမယ့် သူတို့ကျင့်သုံးနေတာက ဒီမိုကရေစီဖက်ဒရယ်ကို အခြေခံသောနိုင်ငံ အခုက ဗမာလူမျိုးက လူများကြီးဗျ၊ သူတို့က လူများစုဗျ သူတို့က ဖက်ဒရယ်ကို ရှေ့တန်း မတင်ဘဲနဲ့ ဒီမိုကရေစီကို အရှေ့တန်းတင်မယ်ဆိုရင် ဒီမိုကရေစီက အများရဲ့ ဆန္ဒကို လေးစားရတာလေ။ အများရဲ့ဆန္ဒဆို အခုက ဗမာလူမျိုးက အများဆုံးဗျ၊ အဲဒီဟာကို ရှေ့တန်းသွားတင်ပြီဆိုကတည်းက မှားနေပြီဗျ” ဟု ၎င်းက ပြောသည်။

ဦးမင်းအောင်လှိုင်က ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်တွင်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဆိုပါဒေသတွင် နေထိုင်ကြသော လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း အလေးထားရန် လိုအပ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် သုံးလခန့်အကြာ၌ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ကာ ယနေ့အချိန်အထိ အဆုံးသတ်နိုင်ခြင်း မရှိသေးပေ။ ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း ယခင်ရှိရင်းစွဲ ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကချင်ပြည်နယ်အမည်ကို ပြောင်းလဲမည်ဆိုပါက ပြဿနာများ ပိုမိုကြီးထွားလာနိုင်ပြီး နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒါအချိန်မတန်သေးဘူးလို့ ကျနော်ပြောလိုပါတယ်။ နောက်တစ်ခုရှိတာကတော့ ကျနော်တို့ ကချင်လူမျိုးများအနေနဲ့ကတော့ ကျနော်တို့ ကချင်ပြည်နယ်ဆိုတဲ့ နာမည်ကို ပြောင်းလဲမယ်ဆိုလို့ရှိရင်တော့ ပြဿနာကတော့ ပိုကြီးလာနိုင်တယ်လို့ ကျနော်ကတော့ ဖြည့်စွက်ပြောလိုပါတယ်။ တနည်းနည်းနဲ့တော့ ခုခံမှာပဲ။ ပြည်တွင်းစစ်တွေက ငြိမ်သက်အောင် မဟုတ်ပါဘူး။ ကျနော်တို့ကို အုပ်ချုပ်တဲ့ မျိုးဆက်တွေ ပိုပြီးမှ ခိုင်ခိုင်မာမာ လုပ်ချင်လို့ ကျနော်တို့ ကချင်လူမျိုးတွေ ပျောက်သွားမှာကို သူက ရည်ရွယ်ပြီးမှ အခုလိုမျိုး လုပ်တာ ဖြစ်နေတယ်၊ ဒါကြောင့် ကျနော်တို့ကတော့ အဲဒီပြဿနာမျိုးတွေ မဖြစ်အောင်ကတော့ ကျနော်တို့ ကြိုးစားရမှာပဲ၊ ဒါကြောင့် ကျနော်တို့ ကချင်ပြည်နယ်က တိုက်ပွဲတွေ၊ ကချင်ပြည်နယ်က စစ်ရေးအခြေအနေတွေ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေတွေကတော့ ပိုပြီးမှ ဆိုးရွားလာနိုင်တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

လူမျိုးစုအမည်ဖြင့် သတ်မှတ်ထားသော ပြည်နယ်အမည်များကို ပြောင်းလဲခြင်းဖြင့် ပြည်တွင်း နိုင်ငံရေးပဋိပက္ခများ ပြေလည်သွားမည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာလူမျိုးစုအားလုံး လက်ခံနိုင်သော ပြည်ထောင်စုတစ်ခု တည်ဆောက်နိုင်မှသာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာတွင် အတုအယောင် ရွေးကောက်ပွဲကျင်းပ၍ သမ္မတရာထူး ရယူခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အများစုနေရာ ရရှိထားသဖြင့် လွှတ်တော်တွင် USDP နှင့် စစ်တပ်တို့က အဓိက လွှမ်းမိုးထားသည်။

ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများထက် စစ်အာဏာရှင်နှင့် အပေါင်းအပါတို့၏ အာဏာတည်မြဲရေးကိုသာ ဦးစားပေးလုပ်ဆောင်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

တိုင်းရင်းသားလူမျိုးစုများအနေဖြင့် မိမိတို့၏ လူမျိုးအမှတ်သညာနှင့် အမည်နာမများ မပျောက်ကွယ်ရေးကို အလေးထားနေရသည့်အချိန်တွင် ပြည်နယ်အမည်ပြောင်းလဲရန် ပြောဆိုခြင်းသည် တစ်နိုင်ငံလုံးကို ဗမာမူပြုရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်ဝင်နိုင်က ပြောသည်။

“ဒီအမည်ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းအောင်လှိုင်အတွက်က ဘာမှ အရေးမကြီးဘူးပေါ့နော်။ သူကတော့ တနိုင်ငံလုံးကို ဗမာမူပြုမယ်။ စစ်တပ်က ဦးဆောင်ပြီးတော့ ဒီနိုင်ငံကြီးကို အုပ်ချုပ်သွားမယ်။ ဆက်လက်ပြီးတော့ ရေရှည်စစ်အုပ်စု ပါဝင်တဲ့ အုပ်ချုပ်ရေး ယန္တရားကြီးကို ဒီ ၂၀၀၈ အတိုင်း ဆက်သွားနေမှာပေါ့နော်။ ဒါကတော့ သူ့အတွက်က ဘာမှ မထူးခြင်းပေမယ့် တိုင်းရင်းသားလူမျိုးစုများ အားလုံးအတွက်က ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေပေါ့နော်။ နောက်ဆုံး Identity ကအစ ပြဿနာက အရေးကြီးတယ်။ တိုင်းရင်းသား လူမျိုးစုတွေအတွက်က ကိုယ့်လူမျိုး မပျောက်ကွယ်ဖို့အတွက် ကိုယ့်လူမျိုးရဲ့ အမည်တောင် မပျောက်ကွယ်ဖို့အတွက် အရေးကြီးနေတဲ့ အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် အရမ်းကို ထိလွယ် ရှလွယ်တဲ့ ပြဿနာ အကြီးကြီးပေါ့နော်။ ဒါ မင်းအောင်လှိုင်က ကစားသွားတာပေါ့နော်” ဟု ၎င်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ ၁ ခုတို့ဖြင့် ဖွဲ့စည်းထားသည်။

လူမျိုးစုများကို ကိုယ်စားပြုသော ပြည်နယ်များအဖြစ် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်တို့ကို သတ်မှတ်ထားသည်။ သို့သော် ပြည်နယ်အမည်များ ရှိနေသော်လည်း လုပ်ပိုင်ခွင့်အာဏာကို ဗဟိုက ချုပ်ကိုင်ထားသည်။

ပြည်နယ်များအနေဖြင့် ကိုယ်ပိုင်ဖွဲ့စည်းပုံရေးဆွဲခွင့်၊ ပြည်နယ်ခေါင်းဆောင်များကို သက်ဆိုင်ရာပြည်နယ်မှ ရွေးကောက်တင်မြှောက်ခွင့်၊ ပြည်နယ်အခွန်ဘဏ္ဍာများကို ခွဲဝေသုံးစွဲခွင့်နှင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို ကိုယ်တိုင်စီမံခန့်ခွဲခွင့် စသည့် အခွင့်အရေးများ ရရှိပါက ပြဿနာများ ပြေလည်နိုင်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

ပြည်နယ်များ၏ အခွင့်အရေးများကို အာမခံပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖော်ဆောင်နိုင်ပါက ပြည်နယ်အမည်သည် အဓိကပြဿနာတစ်ရပ်အဖြစ် ရှိနေတော့မည်မဟုတ်ကြောင်း၊ ပြည်နယ်အခွင့်အရေးများကို မဖော်ဆောင်ဘဲ ပြည်နယ်အမည်သာ ပြောင်းလဲရန် လုပ်ဆောင်ခြင်းသည် ပဋိပက္ခများကို ပိုမိုကြီးထွားလာစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts