မွန်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်း လစဉ်မြင့်တက်နေပြီး ဝယ်ယူမှုကိုလည်း အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားကြောင်း ဝယ်ယူအသုံးပြုသူများ၏ ပြောပြချက်အရ သိရသည်။
အောက်တိုဘာလ (၂၀) ရက်နေ့ စက်သုံးဆီ တင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းသစ်အရ မွန်ပြည်နယ်တွင် 95 တစ်လီတာ ၅၁၁၅ ကျပ်နှင့် 95 တစ်လီတာလျှင် ၄၉၆၅ ကျပ်အထိ ဈေးပေါက်ရှိနေသည်။
စက်သုံးဆီဈေးနှုန်းများသည် စက်တင်ဘာလအတွင်းက ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အမျိုးအစားအလိုက် ကျပ် ၃၀၀ ကျော်အထိ ဆက်လက်မြင့်တက်နေသည်။

“စက်သုံးဆီဈေးကတော့ တစ်ခါမှ မကျခဲ့ဘူး။ လိုသလောက်လည်း မရခဲ့ဘူး။ မုဒုံကမာဝက်ဘက်မှာဆို တန်းစီစောင့်နေရတုန်းပါပဲ” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။
စက်သုံးဆီရည်ညွန်းဈေးနှုန်းအသစ်အရ မွန်ပြည်နယ်၏ ဓာတ်ဆီနှင့် ဒီဇယ်ဆီစျေးနှုန်းသည် ရန်ကုန်၊ ဘားအံ၊ ပဲခူး၊ ထားဝယ် အစရှိသည့် အခြားတိုင်းနှင့် ပြည်နယ်အချို့ထက် စျေးနှုန်းပိုမို မြင့်မားနေဆဲဖြစ်သည်။
အရောင်းဆိုင်များ၌ ရရှိခွဲတမ်းများကို မှောင်ခိုဈေးကွက်သို့ ဦးစားပေးရောင်းချနေခြင်းကြောင့် ပြည်သူများ ဝယ်ယူရရှိမှုနှင့် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရသည်ဟု ဝယ်ယူအသုံးပြုသူများက ဆိုသည်။
ထို့အပြင် နယ်ဘက်ရှိ စက်သုံးဆီဆိုင်များတွင် ခွဲတမ်းရရှိမှု နည်းပါးခြင်းကြောင့် စက်သုံးဆီကို အဓိကအသုံးပြုနေရသည့် တောင်သူများနှင့် ခြံလုပ်ငန်းလုပ်ကိုင်သူများသည် သတ်မှတ်ရည်ညွှန်းထက် ဈေးနှုန်းပိုပေး၍ ဝယ်ယူနေရသည်။
“QR Code အရေအတွက် တင်ပေးနိုင်တဲ့အပေါ်မှာ ခွဲတမ်းချပေးတာဆိုတော့ နယ်ဘက်မှာက လိုင်စင်မဲ့တွေပဲ စီးကြတာ။ အဲဒီတော့ ခွဲတမ်းချတဲ့အခါမှာ နယ်ဘက်က ဆိုင်တွေဆို စက်သုံးဆီရနည်းတယ်။ ခွဲတမ်းရများတဲ့ တခြားဆိုင်ကနေတစ်ဆင့် ဆီပြန်ဝယ်ရတယ်။ အဲဒါကြောင့် နယ်ဘက်က ဆီဆိုင်တွေဆို ဆီဈေးနှုန်း ပိုမြင့်တယ်” ဟု ရေးမြို့နယ်မှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်စက်သုံးဆီကို မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနေပြီး Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က လုပ်ကိုင်ခွင့်ရရှိထားသည်။
မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းနေသည့် Importer များကို ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သွင်းသော Importer များကဲ့သို့ ဒေါ်လာ မရောင်းပေးသည့်အတွက် ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရကြောင်း၊ ဒေါ်လာကိုလည်း နိုင်ငံတော်က ရောင်းချပေးသည့် သတ်မှတ်ဈေးနှုန်းဖြင့်ဝယ်ယူခွင့်မရသည့်အတွက် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဝယ်ယူနေရသည်။
ထို့ကြောင့် ရန်ကုန်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်နှင့် မွန်ပြည်နယ်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်းများ ကွာခြားမှုရှိနေပြီး စစ်ကော်မရှင်လွှတ်တော်နှင့် အစိုးရအဖွဲ့များမှ တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။




