မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ ပေါင်-သဲဖြူကုန်း ရထားလမ်းပိုင်းတွင် ရထားလမ်းပေါ်တက်အိပ်နေသည့် အမျိုးသားတစ်ဦး အမြန်ရထား DEMU ကြိတ်ခံရပြီး ေ*သဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၆ ရက်၊ နံနက် ၁၀ နာရီကျော်အချိန်ခန့်က ပေါင်ဘူတာဘက်မှ မော်လမြိုင်ဘူတာဘက်သို့ ထွက်ခွာလာသည့် အမှတ်(၈၃) အဆန် DEMU ရန်ကုန် – မော်လမြိုင် ရထားမှာ ရထားမိုင်တိုင်အမှတ် (၁၆၂/၁၁) နှင့် (၁၆၂/၁၂) ကြား သံလမ်းပေါ်တွင် အိပ်စက်နေသူ အမျိုးသားတစ်ဦးအား ကြိတ်မိခဲ့ခြင်းဖြစ်သည်။

ရထားအကြိတ်ခံရသည့် အမျိုးသားသည် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာက အသက် ၃၂ နှစ်အရွယ် မောင်ဇေယျာလင်းဆိုသူဖြစ်သည်ဟု လုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။
ရထားကြိတ်ခံရမှုကြောင့် မောင်ဇေယျာလင်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် ေ*သဆုံးခဲ့ကြောင်း ဆိုသည်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနှင့် ဆင်ဖြူကျွန်းကျေးရွာချင်းဆက် ရထားလမ်းကူးနေရာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က အမှတ် ၈၁ အဆန်အမြန်ရထားနှင့် လိုက်ထရပ်ကား တိုက်မိမှု ဖြစ်ပွားခဲ့သေးသည်။
မော်လမြိုင်-ရန်ကုန်ရထားလမ်း မွန်ပြည်နယ် ရထားလမ်းပိုင်းတွင် ရထားနှင့် ကား၊ ဆိုင်ကယ်တိုက်မိမှု၊ ရထားကြိတ်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး လူထိခိုက်ေ*သဆုံးမှုလည်း ရှိသည်။
ရထားလမ်းပိုင်းတွင် ရထားနှင့် ကား၊ ဆိုင်ကယ်တိုက်မိမှု၊ ရထားကြိတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်ကို အကြောင်းပြပြီး ပြည်နယ်စစ်အစိုးရက မွန်ပြည်နယ် ရထားလမ်းပိုင်းတလျှောက်ရှိ ရထားလမ်းကူးများကို ပိတ်သိမ်းခိုင်းနေသည်။




