Homeသတင်းမွန်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု ပြန်လည်စတင်

မွန်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု ပြန်လည်စတင်

-

မွန်ပြည်နယ်တွင် မြို့နယ်အလိုက် စစ်ကော်မရှင်လက်အောက်ခံအဖွဲ့များက လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးမှုများ ပြန်လည်လုပ်ဆောင်နေကြောင်း ယာဥ်စီးနင်းအသုံးပြုသူများမှ သိရသည်။

လိုင်စင်မဲ့ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ ဖမ်းဆီးမှုအား စစ်တပ်၊ ပြည်သူ့စစ်၊ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့၊ ထွေ/အုပ် နှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ပူးပေါင်းအဖွဲ့များက ဖမ်းဆီးမှုလုပ်ဆောင်နေသည်ဟုလည်း ကြားသိရသည်။

အဆိုပါ အဖွဲ့စုံကို မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် မြို့အဝင်အထွက်လမ်းများ၊ စစ်ဆေးရေးဂိတ်များနှင့် လမ်းဆုံလမ်းခွနေရာများတွင် ယခုရက်ပိုင်းအတွင်း တွေ့ရှိလာရကြောင်း ဒေသခံများက ဆိုသည်။

ယင်းစစ်ဆေးဖမ်းဆီးမှုများကြောင့် ဆိုင်ကယ်ကို သွားလာရေးနှင့် ခြံလုပ်ငန်းများအတွက် အဓိကအသုံးပြုနေရသည့် ဒေသခံများအနေဖြင့် သွားလာရေးအခက်အခဲများ ကြုံတွေ့လာရသည်ဟု သံဖြူဇရပ်မြို့နယ်မှ အသက် ၃၀ ကျော်အရွယ် ခြံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ဒီလိုဖမ်းတာက သူတို့အတွက်တော့ ကောင်းပေမဲ့ ပြည်သူတွေအတွက်ကတော့ သွားလာရေး တော်တော်ဒုက္ခရောက်တယ်။ အနည်းဆုံး ဖမ်းမိရင် ငွေကုန်မယ်၊ ကိုယ့်ဆိုင်ကယ်ပါ အသိမ်းခံရနိုင်တယ်။ လိုင်စင်မလုပ်ပေးဘဲ သိမ်းလိုက်တာလည်း ရှိတယ်။ ဘာပဲပြောပြော ငွေတော့ ကုန်မှာပဲ။ သူတို့က တစ်လဖမ်းမယ်လို့ ပြောနေကြတယ်။ ” ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၂၃ ရက်နေ့က မော်လမြိုင်မြို့ ဈေးကြိုမီးပွိုင့်တွင်မော်တော်ဆိုင်ကယ်အစီးရေရာနှင့်ချီ ဖမ်းဆီးထားကြောင်းနှင့် ၎င်းတို့အနက် တချို့မှာ ငွေပေး၍ ပြန်ရွေးယူသွားခြင်း၊ ဌာနဆိုင်ရာများ၊ စစ်တပ်၊ ပြည်သူ့စစ်၊ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့နှင့် ပတ်သက်သူများအား ပြန်လွှတ်ပေးခြင်းများရှိခဲ့သော်လည်း ကျန်မော်တော်ဆိုင်ကယ်များအား သိမ်းဆည်းသွားသည်ဟု မြို့ခံများက ပြောသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးစစ်ဆေးရေးကို စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်မည်ဟု ဆိုသော်လည်း ရေးမြို့နယ်များတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်ခဲ့သလို မြို့နယ်အချို့တွင် စက်တင်ဘာလလယ်ပိုင်းမှ စတင်ခဲ့ကြောင်း သိရသည်။

လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးခြင်းအပြင် လိုင်စင်ရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းခံမှုများ ရှိနေသည့်အတွက် ရှောင်ရှားသွားလာနေရသည်ဟု မော်လမြိုင်မြို့နေ လူငယ်တစ်ဦးက ပြောသည်။

“အဓိကကတော့ အဲဒီစစ်ဆေးရေးဂိတ်လိုနေရာတွေ၊ လမ်းဆုံလမ်းခွတွေမှာ တော်တော်သတိထားရတယ်။ လိုင်စင်ရှိလည်း သူတို့ရှိရင် မသွားရဲဘူး။ ငွေမရမချင်း ရစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံအဖွဲ့များက လိုင်စင်ရှိသည့် ဆိုင်ကယ်များကိုလည်း ဆိုင်ကယ်ဦးထုပ် မဆောင်းပါက ငွေကျပ် ၃ သောင်းအထိ၊ ဦးထုပ်အပြင် နောက်ကြည့်မှန် မပါရှိပါက ငွေကျပ် ၅ သောင်းအထိ တောင်းခံမှုများရှိနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ဆိုသည်။

မွန်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များအား စစ်တပ်၊ ရဲ၊ ပျူစောထီး၊ လုံ/နယ်အဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့နှင့် နီးစပ်သူများသား စီးနင်းနေကြသည့်အပြင် ယာဉ်ထဲရဲထံ လစဉ်ကြေးပေး၍ စီးနင်းနေကြသူများလည်းရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts