Homeသတင်းစစ်တပ်ကို ဆန့်ကျင်ဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသူအမျိုးသမီး ၇၀၀ ကျော် ရှိလာဟု Data for Myanmar (D4M) ထုတ်ပြန်

စစ်တပ်ကို ဆန့်ကျင်ဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသူအမျိုးသမီး ၇၀၀ ကျော် ရှိလာဟု Data for Myanmar (D4M) ထုတ်ပြန်

-

လူမှုကွန်ရက်ပေါ်တွင် စစ်တပ်အဖွဲ့ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေးအဖွဲ့အစည်းများကို အားပေးထောက်ခံမှုကြောင့် စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ဖမ်းဆီးခံရသူ အမျိုးသမီး ၇၁၄ ဦးအထိရှိလာကြောင်း လွတ်လပ်သော သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar (D4M) ၏ လေ့လာဆန်းစစ်ချက်အရ သိရသည်။  

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၂,၀၂၉ ဦးရှိသည့်အနက် ရာခိုင်နှုန်းအရ ဖမ်းဆီးခံရသည့် အမျိုးသမီး ၃၅ ရာခိုင်နှုန်း ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။  

ဖမ်းဆီးမှုစတင်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ Facebook လူမှုကွန်ရက်စာမျက်နှာမှအများဆုံး စောင့်ကြည့်ဖမ်းဆီးခံခဲ့ရပြီး TikTok၊ Viber၊ Telegram၊ YouTube စသည့် တစ်ခုထက်မကသည့် ပလက်ဖောင်းများမှ ရေးသားမျှဝေမှုကြောင့် ဖမ်းဆီးအရေးယူခံနေရခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှလည်း လူမှုကွန်ရက်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပါအဝင် တည်ဆဲဥပဒေများနှင့် အရေးယူခံရနိုင်ကြောင်း မကြာခဏ ထုတ်ပြန်လေ့ရှိသည်။

နှစ်အလိုက် ဖမ်းဆီးခံရမှု လျော့ကျလာသော်လည်း ယခု ၂၀၂၆ ခုနှစ်သည် လုံခြုံရေးထိပါးမှုမဟုတ်ဘဲ နိုင်ငံရေးအမြင်သဘောထားမတူသည့် မှတ်ချက်ပေးမှု၊ မျှဝေမှုများကိုပါ ဖမ်းဆီးအရေးယူသည့် ဖြစ်စဉ်များ ပါဝင်လာသည်ကို တွေ့ရကြောင်း Data for Myanmar က ဆိုသည်။  

စစ်ကောင်စီအနေဖြင့် လူမှုကွန်ရက်ပေါ် ရေးသားပြောဆိုမှုများကို စောင့်ကြည့်အရေးယူမှုများ ရှိသလို မြေပြင်ရှိ လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များတွင် ဒေသခံများ၏ ဖုန်းများကို စစ်ဆေးပြီး ဖမ်းဆီးအရေးယူမှုများကိုလည်း လုပ်ဆောင်နေသည်။  

ထို့ကြောင့် လူမှုကွန်ရက်အသုံးပြုသူများအနေဖြင့် အွန်လိုင်းပေါ်တွင် မိမိ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ဘေးကင်းလုံခြုံမှုရှိစေရန် သတိပြုသုံးစွဲလာသည့်အပြင် ခရီးမသွားလာမီ မိမိ၏ အချက်အလက်လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေး အစီအမံများကို အသေအချာ ပြင်ဆင်သင့်ကြောင်းလည်း Data for Myanmar က တိုက်တွန်းသည်။  

Data for Myanmar ၏ ယခုကိန်းဂဏန်းများသည် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၏ ဝဘ်ဆိုက်စာမျက်နှာနှင့် သတင်းစာမှ အချက်အလက်များကို စိစစ်ထည့်သွင်းထားခြင်းဖြစ်ပြီး ၂၀၂၅ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေဖြင့် ဖမ်းဆီးထားသူများကို စာရင်းအတွင်း ထည့်သွင်းရေတွက်ထားခြင်းမရှိဟုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts